လတ်တလောလေးကမှ Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ နိုင်ဂျီးရီးယား မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေ နှစ်ခြိုက်သဘောကျရတဲ့ဧမာနွေလတို့လူမျိုးတွေပေါ့။ ၂၀၂၂ကလည်း Aníkúlápóဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားကို နတ်ဖလစ်ကနေပဲ တင်ဆက်ပေးခဲ့တာမှာ ပရိသတ်အားပေးမှု အတော်ရခဲ့သလို ဒါရိုက်တာဖြစ်သူက Game OfThronesစီးရီးရဲ့ နိုင်ဂျီးရီးယားဗားရှင်းလို့ ပြောဆိုခဲ့တဲ့အတွက် ဝေဖန်သံတွေ သောသောညံခဲ့ပါသေးတယ်။ ဒီစီးရီးကိုလည်း ထူးခြားဆန်းကျယ်အမျိုးအစား ရုပ်ရှင်စီးရီးအနေနဲ့ရိုက်ကူးတင်ဆက်ထားပါတယ်။ဒဏ္ဍာရီလာ ငှက်ကြီးတစ်ကောင်ဖြစ်တဲ့ အက္ကာလာရဲ့စွမ်းအင်ကို စုပ်ယူပြီး ရက်ကန်းသည် ဆာရိုတစ်ယောက် သေသူတွေကို ပြန်ရှင်သန်လာအောင်လုပ်နိုင်တဲ့ အစွမ်းရခဲ့ပါတယ်။ သူသေလွန်တဲ့အချိန်မှာတော့ကောင်းကင်ဂိတ်တံခါးကိုစောင့်တဲ့ နတ်မင်းကြီးက ဖြတ်ကျော်ခွင့်မပြုပဲ သေခြင်းတရားကိုလှည့်စားပြီး သူ ပြန်ရှင်သန်စေခဲ့သူတွေရဲ့ အသက်ကို ပြန်နှုတ်ယူဖို့ လက်ဖွဲ့အဆောင်တစ်ခုပေးကာ ရှင်သူတွေဆီကိုဝိညာဉ်ဘ၀နဲ့ ပြန်စေလွှတ်ခဲ့ပါတယ်။ဝိညာဉ်ဘ၀နဲ့ သူ အသက်ပြန်သွင်းပေးခဲ့သူတွေကို အသက်လိုက်နှုတ်နေတုန်းမှာပဲ မျက်မမြင်အဘွားကြီးဆီရောက်ချိန်မှာတော့ ဝိညာဉ်ကနေ လူ့ဘ၀ပြန်ရောက်မဲ့နည်းပေးပြီးသူ့ကိုမသတ်ဖို့တောင်းဆိုခဲ့ပါတယ်။ ဆာရိုလည်းသဘောတူပြီး လူ့ဘ၀ကို တစ်ခါပြန်ရောက်လာချိန်မှာတော့ သူအသက်နှုတ်ယူခဲ့သူတွေက သူတို့နဲ့အတူ မရဏတံခါးဆီ ပြန်ဖြတ်ဖို့ ခေါ်ပါတော့တယ်။ဆာရိုကဆက်နေခွင့်ပေးဖို့ တောင်းဆိုတဲ့အခါ သုံးနှစ်အချိန်ပေးပြီး သုံးနှစ်ပြည့်တာနဲ့ ပြန်လိုက်ဖို့သဘောတူလိုက်တဲ့နောက်မှာတော့…။