ဖရက်ဒရစ် ထရန်းချက်ဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားဟာ ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ချစ်ခြင်းတရားကို မခံစားဖူးသူပေါ့။ ဘာလို့ဆို သူဟာ သူတို့ ထရန်းချက်မိသားစုရဲ့ တရားဝင်သွေးမဟုတ်ဘဲသူ့အမေက တခြားသူတစ်ဦးနဲ့ဖောက်ပြန်ပြီးရလာတဲ့ သားဦးဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုသိနေခဲ့တဲ့ ဖရက်ဒရစ်ရဲ့အဖေဟာ သွေးသားမဟုတ်တဲ့ ဖရက်ဒရစ်ကို ငယ်စဉ်ကတည်းကသားနဲ့မတူအောင်ဥပက္ခောပြု မေတ္တာတရားမပါဘဲ ဆက်ဆံခဲ့ပြီး သူ့ညီဖြစ်တဲ့ ဂျိမ်းစ်ကိုပဲ တကယ့်သွေးသားရင်းခြာလို ချစ်ခဲ့ပါတယ်။ အဖြစ်မှန်ကိုမသိတဲ့ ဖရက်ဒရစ်ဟာ နာကျည်းမှုတွေစိတ်ဒဏ်ရာတွေရရှိခဲ့ပြီး မိသားစုခြေရာနင်းတဲ့အချိန်မှာကော အိမ်ထောင်ဖက်ရွေးချယ်ရမယ့်အချိန်မှာပါ သွေးအေးပြီး အရမ်းသတိထားစိုးရိမ်ကြီးတဲ့ လူတစ်ယောက်ဖြစ်လာခဲ့တယ်။တစ်နေ့ ဖရက်ဒရစ်ဟာ မြို့စားကြီးရဲ့ဖိတ်ကြားမှုကြောင့် တွေ့ဆုံပွဲတစ်ခုကိုရောက်သွားခဲ့ပါတယ်။ အဲဒီမှာ အရမ်းချိုသာလှတဲ့ အသံပိုင်ရှင်ဖြစ်တဲ့ ကလာရာဆိုတဲ့ အမျိုးသမီးကိုတွေ့ပြီး မြင်မြင်ချင်းချစ်သက်ကြွေသွားခဲ့ပါတယ်။ ကလာရာမှာကလည်း မကြာသေးခင်ကမှ ဖခင်ဆုံးသွားတာဖြစ်တဲ့အတွက် ဖခင်ဆုံးပြီးနောက်ပိုင်း အိမ်မှာအမျိုးသမီးတွေပဲကျန်တော့တာကတစ်ကြောင်း၊ ဖခင်ကကြိုးစားပမ်းစားရှာဖွေခဲ့တဲ့ အမွေဥစ္စာတွေကို ဆက်ပြီးဆောင်ထိန်းသိမ်းပေးသွားမယ့် အမျိုးသားကမရှိတာကြောင့်တစ်ကြောင်း ခင်ပွန်းကိုတတ်နိုင်သလောက်မြန်မြန်ရှာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ကလာရာကို စွဲလမ်းသွားခဲ့တဲ့ဖရက်ဒရစ်ဟာ ဒီအကြောင်းကိုသိသွားတဲ့အခါမှာ ကလာရာ့ကို သူနဲ့သင့်တော်၏မသင့်တော်၏ကို ဆုံးဖြတ်ပြီးတာနဲ့ တစ်ပါတည်း ကလာရာ့ကိုထိမ်းမြားပြီး မိသားစုထဲဆွဲသွင်းခဲ့ပါတော့တယ်။ဒီလိုနဲ့ ထရန်းချက်မိသားစုအပေါ် အခြေပြုထားတဲ့ ဖရက်ဒရစ်နဲ့ ကလာရာတို့ရဲ့ အိမ်ထောင်ရေးဟာ ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ… နောက်ကွယ်မှာလည်းတခြားဘယ်လိုအရှုပ်အရှင်းတွေရှိနေမလဲ… ဆိုတာကို စိတ်ဝင်တစား ရှုစားရမှာပဲဖြစ်ပါတယ်။