Apple TV ကနေပဲ အသစ်ထွက်လာတဲ့ ဒီစီးရီးက ၁၉၉၅မှာ ပထမဆုံးအကြိမ် BBC မှာပြသခဲ့တဲ့ Edith Wharton ရဲ့ မပြီးပြတ်နိုင်ခဲ့တဲ့ ဝတ္ထုလေးကို ၂၀၂၃ ခုနှစ်မှာ ရသတစ်မျိုးနဲ့ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Tomato Meter မှာ Audience Score 96% ရထားတာဖြစ်လို့ တကယ်မခေတဲ့ Period Drama ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။ဒီဇာတ်လမ်းလေးကို အဓိကဇာတ်ကောင်ဖြစ်တဲ့ အထွေးဆုံးလေး နန်း၊ နန်းရဲ့အစ်မဖြစ်သူ ဂျန်းနီ၊ လစ်ဇီနဲ့ မေဘယ်ဆိုတဲ့ ညီအစ်မနှစ်ယောက်နဲ့ ကွန်ချီတာဆိုတဲ့ လူမည်းအမျိုးသမီး၊ စုစုပေါင်းသူငယ်ချင်းငါးယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီအမေရိကန် သူငယ်ချင်းငါးယောက်ထဲက ကွန်ချီတာကတော့ မကြာခင် အင်္ဂလန်ရဲ့သခင်တစ်ယောက်ဖြစ်တဲ့ ရစ်ချက်ဆိုတဲ့သူနဲ့လက်ထပ်တော့မှာပေါ့။ ဒါပေမဲ့ မင်္ဂလာဆောင်မယ့်နေ့မှာ သတို့သားကအချိန်နောက်ကျတဲ့အထိမရောက်လာသေးတဲ့အတွက် ကွန်ချီတာတစ်ယောက် အုတ်အော်သောင်းနင်းဖြစ်ပြီးပြဿနာပေါင်းစုံရှာတော့တာပေါ့။ ဒီလိုနဲ့ ကွန်ချီတာရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ နန်းက ကွန်ချီတာ့အတွက် စိတ်အသောကရောက်ရဆုံးအချိန်မှာ ကွန်ချီတာရှာသမျှပြဿနာတွေကိုလိုက်ရှင်း၊ကွန်ချီတာ့ကိုချော့မော့ရင်းနေခဲ့ပါတယ်။ ဖြစ်ချင်တော့ သတို့သားက မင်္ဂလာဆောင်ရမှာကိုကြောက်လို့ ပွဲမလာနိုင်တာဖြစ်နေခဲ့ပါတယ်။ ဒါကို အမှတ်မထင် သိလိုက်ရတဲ့ နန်းကသတို့သားကိုချော့ပြောလိုက်တဲ့အချိန်မှာပဲ ကွန်ချီတာနဲ့ ရစ်ချက်တို့နှစ်ယောက်က မင်္ဂလာဆောင်ဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းလေးကတော့ ကွန်ချီတာတို့နှစ်ယောက် မင်္ဂလာဆောင်အပြီးသူ့ယောက်ျားဖြစ်တဲ့ ရစ်ချက်နေတဲ့လန်ဒန်မြို့ကြီးကို ကျန်နေတဲ့ သူငယ်ချင်းလေးယောက်တို့သွားလည်တဲ့အခါမှာမှ ဘာဖြစ်လို့ရစ်ချက်က မင်္ဂလာမဆောင်ချင်ဖြစ်ရတာလဲဆိုတဲ့အမှန်တရားတွေထွက်ပေါ်လာပါတော့တယ်။ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် အမေရိကန်နဲ့ အင်္ဂလန်တို့ရဲ့ ဒုတိယကမ္ဘာစစ်အပြီးကာလမှာ ယဉ်ကျေးမှုချင်းကွာခြားခဲ့ပုံ၊ အဲဒီကွာခြားချက်တွေကြောင့် အဲဒီခေတ်က လူငယ်တွေအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြဿနာအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရလဲဆိုတာကို အသားပေးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဲဒီလိုဆိုပေမဲ့လည်း ဇာတ်လမ်းရဲ့ ရသအပိုင်းဖြစ်တဲ့ဒရာမာဆန်ဆန် ရိုမန်တစ်အချစ်ဇာတ်လမ်းရှာဖွေပုံတွေကို မူရင်းစာရေးဆရာကြီးလက်စွမ်းပြခဲ့တဲ့အတိုင်း အနီးစပ်ဆုံးပြန်လည်ရိုက်ကူးထားနိုင်တာဖြစ်လို့ တကယ်လက်လွတ်မခံသင့်တဲ့စီးရီးကောင်းတစ်ခုပဲဖြစ်ပါတယ်။