အိပ်မက်ထဲမှာ မွေ့ပျော်နေတတ်တဲ့သူတွေက ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်ကြီးတစ်ခုတော့ ရှိလို့နေတတ်ပါတယ်။ အမှန်အတိုင်းပေါ်ပေါက်ခွင့်ပေးကြမလား၊ ဆက်ပြီးပဲ အိပ်မက်မက်နေကြမလား ဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်ရမဲ့အရာတစ်ခုပါ။ဒီဇာတ်လမ်းကတော့ အိပ်မက်နဲ့ လက်တွေ့ကမ္ဘာနှစ်ခုလုံးကို ချိတ်ဆက်တင်ပြထားခဲ့ပါတယ်။ဂျိုး နဲ့ ဂျူးစ်တို့က စေ့စပ်ထားကြတဲ့ လိင်တူချစ်သူနှစ်ဦးပါ။ ဂျူးစ်ရဲ့အရင်အိမ်ထောင်ကနေ ပါလာတဲ့ ကလေးနှစ်ယောက်နဲ့ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတဲ့သူတွေပေါ့။ တစ်ညမှာဂျိုးတစ်ယောက် အိပ်မပျော်လို့ ကားမောင်းထွက်ရာကနေ ကားအက်ဆီးဒန့်တစ်ခုရဲ့ အရေးကြီးမျက်မြင်သက်သေတစ်ဦး ဖြစ်လာခဲ့ပါတယ်။အဲဒီ အက်ဆီးဒန့်မှာ ကားနဲ့ တိုက်မိပြီး ထွက်ပြေးသွားခဲ့တဲ့သူက နာမည်ကြီးတစ်ယောက် ဖြစ်နေခဲ့တဲ့အချိန်မှာတော့ ဂျိုးအတွက် အန္တရာယ်တွေကျရောက်လာခဲ့ပါပြီ။အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေအပြင် ကွင်းဆက်အနေနဲ့ ဆက်သိလိုက်ရတာက ဂျိုးက ဂိုဏ်းကြီးတစ်ခုက အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်နေခဲ့ပြီး ရာဇဝတ်မှုကြီးကို ကျူးလွန်ထားတဲ့ တရားခံတစ်ဦး ဖြစ်နေတယ်ဆိုတာပါပဲ။ သံသရာတစ်ပတ် ပြန်လည်လာပြီး ဂိုဏ်းသားတွေ ပြန်စုစည်းမိကြတဲ့အချိန်မှာ ဂျိုး ဘာဆက်လုပ်မလဲ၊ အိပ်မက်ကနေ နိုးထပြီး လက်တွေ့ကမ္ဘာထဲကို ပြန်သွားမလား၊ အိပ်မက်ထဲမှာပဲ ဆက်ပြီး မွေ့ပျော်နေမလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။