3idiotsရုပ်ရှင်ထဲမှာ ဖာဟန်နေရာကသရုပ်ဆောင်တဲ့ မင်းသားကြီးအာမဒ်ဟတ်ဗန်နဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လှတဲ့မင်းသားကြီးကေကေမီနွန်တို့ပါဝင်ထားတဲ့ အပိုင်းလေးပိုင်းနဲ့ ဇာတ်လမ်းတွဲတစ်ခုကို Netflixက ထုတ်လွှင့်ခဲ့ပါတယ်။၁၉၈၄ခုနှစ်က အိန္ဒိယနိုင်ငံ ဘိုပါလ်အခြေဆိုက် ပိုးသတ်ဆေးကုမ္ပဏီတစ်ခုက ဓာတ်ငွေ့ယိုစိမ့်မှုကနေဖြစ်ခဲ့တဲ့ကပ်ဆိုးကြီးမှာ လူ့အသက်ပေါင်းများစွာကိုကယ်ဆယ်ခဲ့တဲ့ မီးရထားအလုပ်သမားတွေအကြောင်းကိုအခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဘိုပါလ်မှာ ယူနီယံကာဗိုက်ဆိုတဲ့ ပိုးသတ်ဆေးထုတ်တဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုအခြေဆိုက်ထားတယ်။အမ်အိုင်စီ(MIC)လို့ခေါ်တဲ့ ကန်ကြီးတွေနဲ့သိုလှောင်ထားတဲ့ မီသိုင်းအိုက်ဆိုဆိုက်ယာနိုက် ဓာတုဆေးရည်တွေကနေပိုးသတ်ဆေးထုတ်လုပ်တာပေါ့။တန်ပေါင်း ရာချီအောင်သိုလှောင်ထားတဲ့ကန်ကြီးတွေနဲ့။အဲဒီဓာတုဆေးရည်က ရေနဲ့ပေါင်းစပ်မိတဲ့အခါမှာ လူတွေရဲ့အသက်ကိုထုတ်ယူနိုင်တဲ့ အဆိပ်ငွေ့အဖြစ်ပြောင်းလဲသွားတတ်တဲ့ဂုဏ်သတ္တိရှိတယ်။အလုပ်သမားတွေကို ထရိန်နင်ကောင်းကောင်းမပေးတဲ့ စက်ရုံကြီးမှာ လူအင်အားမလုံလောက်လုပ်ငန်းသဘောကို ကောင်းကောင်းမကျွမ်းကျင်တဲ့ အလုပ်သမားတွေနဲ့လည်ပတ်နေပါရော။ဒီကြားထဲမှာ စက်ပစ္စည်းတွေကလည်းချို့ယွင်းလို့။တစ်နေ့မှာတော့ စက်ချို့ယွင်းတာရယ်အလုပ်သမားတယောက်ရဲ့ပေါ့ဆမှုရယ်ကြောင့် အမ်အိုင်စီကန်ထဲကို ရေယိုစိမ့်မှုဖြစ်တယ်။အဲဒီကနေ အဆိပ်ငွေ့တွေထွက်လာရာက မီးရထားဌာနက အလုပ်သမားတွေပြည်သူတွေရဲ့အသက်ကို ကယ်တင်ရဖို့ဖြစ်လာပါတယ်။