ဒါရိုက်တာ ဂျွန် ကာပန်တာ ရိုက်ကူးတဲ့ မီနီစီးရီးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ ဖြစ်ရပ်မှန်များလည်း ပါဝင်သလို ပါးစပ်ရာဇဝင်တွေပါ ရောထွေးထားတဲ့ လျှို့ဝှက်ဆန်းကြယ် သဲထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားပဲပြောပါတော့။ တစ်ပိုင်းကို ဇာတ်လမ်းတစ်ခုဖြစ်ပြီး reality show တစ်ခု ဖြစ်လုနီးပါးရိုက်ကူးထားပါတယ်။ ဆိုလိုတာက ကာယကံရှင်များကို တွေ့ဆုံမေးမြန်းတာတွေပါသလိုသရုပ်ဆောင်များနဲ့လည်း ပြန်လည်ပုံဖော်ပေးထားတာမလို့ပါ။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ ဂျွန် ကာပန်တာ က ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းရိုက်ကူးတာမဟုတ်ဘဲ အိမ်ကနေ သားရေထိုင်ခုံမှာထိုင်ပြီးအဝေးကနေ ရိုက်ကူးရေးအဖွဲ့ကို ညွှန်ကြားရိုက်ကူးခဲ့တာပါတဲ့။ဆင်ခြေဖုံးရပ်ကွက်တွေဟာ နေလို့ထိုင်လို့ ကောင်းတဲ့နေရာတွေပါ။ အချင်းချင်းသိကြတယ်။ ရာဇဝတ်မှုမရှိဘူး။ တစ်ဦးနဲ့တစ်ဦး ကူညီဖေးမတတ်တဲ့ ပတ်ဝန်းကျင်သန့်သန့်လေးတွေ။ ဒါပေမဲ့ ဂျွန် ကာပန်တာက လူကြီးမင်း ဆင်ခြေဖုံးရပ်ကွက်မှာ ဇိမ်ကျလုံခြုံနေတာကို မနာလိုဘူးထင်ပါရဲ့လေ။ သူ့ဇာတ်လမ်းတွဲကိုကြည့်ပြီးရင် လူကြီးမင်းဘေးက အသိုင်းအဝန်းကို အရင်လိုအမြင်မျိုးနဲ့ မြင်နိုင်မှာမဟုတ်တော့ဘူးလို့အာမခံထားပါတယ်ဗျာ။ဒီတော့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ရာဇဝတ်မှုခင်းတွေကို အသေးစိတ်ရိုက်ကူးထားပါတယ်။ သေသူက သူသေသွားမှန်းမသိဘဲ သူသံယောစဉ်တွယ်နေတဲ့သူနားမှာပဲတဝဲလည်လည်ဖြစ်နေလို့ သေပါပြီဆိုတဲ့အကြောင်း အသိပေးရတာလိုမျိုး မြန်မာ့ဝန်းကျင်မှာ ကြားနေကျ မြန်မာဆန်ဆန်ဇာတ်လမ်းတွေပါတယ်။ ညအချိန် တူတူပုန်းတမ်းကစားရင်း ယုန်လူသားကဖမ်းသွားတယ်ဆိုတဲ့ အယူအဆကလည်း မြန်မာတွေ နတ်ဝှက်တတ်တယ်ဆိုတာနဲ့ အလားသဏ္ဍန်တူတယ်ပေါ့။ ပုဏ္ဏကတိုက်နေတဲ့အိမ်မှာ မိသားစုတွေ ပြောင်းလာရင်း စိတ်ဖောက်ပြန်ပြီးအချင်းချင်းသတ်ကုန်တဲ့ဇာတ်လမ်းတွေရောပေါ့။စုစုပေါင်း အပိုင်းခြောက်ပိုင်းရှိမှာဖြစ်ပြီး နေ့စဉ်တင်ဆက်ပေးသွားမှာပါ။ တစ်ပိုင်းတည်း ဇာတ်လမ်းပြီးတာတွေမလို့ အဆက်ကိုမျှော်ရတဲ့ဒုက္ခတော့ မရှိနိုင်ပါဘူး။ အအေးဓာတ်ဝင်လာပြီဖြစ်တဲ့ ညလေးတွေမှာတစ်ယောက်တည်းကြည့်ရင်း ကြက်သီးလေးတွေ ထကြပါစို့။