ပြောရရင် ဒီထဲမှာ အကောင်းဆုံးမဟုတ်ပေမဲ့ တော်တော်လေးနွေးထွေးတဲ့ တစ်ပိုင်းပါတယ်။ ဘောလုံးအကြောင်း ဘာမှမပါသလောက်ဖြစ်နေတဲ့ ခရစ္စမတ်အပိုင်းပေါ့။ ဒီအပိုင်းဟာ တော်တော်လေးလက်တွေ့ကျသလို တစ်ချိန်တည်းမှာပဲ စိတ်ကူးယဉ်ဆန်မှုခေါ် ဆန်တာကလော့ကိုလည်း မပစ်ပယ်ထားဘူး။ တစ်ပိုင်းလုံး ဆန်တာကလော့ဆိုတာ ကျွန်တော်တို့အချစ်တွေပဲဆိုတဲ့ သဘောမျိုးပြသွားခဲ့ပေမဲ့ကောင်းကင်မှာ ဆန်တာကလော့ကြီး စွတ်ဖားပျံကြီးစီးပြီး ပျံသွားတာကို ဟစ်ဂင်ရဲ့သားလေးမြင်သွားတာကိုလည်း ပြခဲ့တယ်။ ဒီအခန်းက ကျွန်တော့်အတွက်တော့ တော်တော်လေး ထိသွားတဲ့ဇာတ်ဝင်ခန်းလို့ပြောရမယ်။ တက်ဒ်ရဲ့ဖန်တီးရှင်တွေဟာ ဒီလောက်လက်တွေ့ကျနေတဲ့ ဇာတ်လမ်းသွားထဲမှာတောင် ဆန်တာကလော့ကို မပစ်ပယ်ခဲ့ကြဘူး။ တက်ဒ်လာဆို တစ်တွဲလုံးဟာလည်းထိုနည်းလည်းကောင်းပါပဲ။ သိပ်လက်တွေ့ကျတယ်။ ရွိုင်းကန့်လေနဲ့ပြောရရင် သောက်တလွဲတွေချည်းဖြစ်နေတယ်။ တက်ဒ်လာဆိုရဲ့ဆောင်ပုဒ် ယုံကြည်ခြင်းဟာလည်း အမြဲအလုပ်မဖြစ်ခဲ့ဘူး။ ဒါပေမဲ့လည်းဘယ်တစ်ယောက်ကမှ မပစ်ပယ်ခဲ့ကြဘူး။ ခရစ္စမတ်အပိုင်းရဲ့ အလှပဆုံးအရာ (မှော်ဆန်မှု) ဟာ ဆန်တာကလော့ကြီး ကောင်းကင်က ဖြတ်ပျံသွားတာဆို ဒီစီးရီးအစအဆုံးရဲ့ အလှပဆုံးအရာဟာရစ်ချ်မွန်းအသင်းရဲ့ နည်းပြအခန်းဝမှာ ကပ်ထားတဲ့ BELIEVE ဆိုတဲ့ စက္ကူအဝါလေးပါပဲ။ အဲဒီ BELIEVE ဟာ Ted Lasso ဇာတ်လမ်းတွဲတစ်ခုလုံးမှာ ဖြတ်ပျံနေခဲ့ပါတယ်။