Primo FHD

Primo

Comedy FHD 2023-05-18 10

ပေါ့ပေါ့ပါးပါး ရယ်ရပြီး ချစ်စရာကောင်းတဲ့ မိသားစု ဇာတ်ကားလေးကြည့်ချင်တယ်ဆိုရင်တော့ Primo ကို ကြည့်သင့်ပါတယ်။ ဆန်အန်တိုနီယိုဆိုတဲ့ တက္ကဆက်မြို့လေးတစ်မြို့က အရမ်းချစ်စရာကောင်းတဲ့မိသားစုလေးတစ်ခုအကြောင်း Sitcom အမျိုးအစား Series ပါ။ သူတို့လို အောက်ခြေလူတန်းစားတွေမှာတွေ့ရတဲ့ စိတ်ပျက်စရာကိစ္စတွေကိုလည်း ရယ်စရာလိုပဲ ပေါ့ပေါ့ပါးပါး ပြပေးထားတာလည်းတော်တော်လေးလှပါတယ်။ စိတ်ညစ်စရာလို့တောင် သတိထားမိမယ်မထင်ပါဘူး။ဇာတ်ကားနာမည်က အဓိကဇာတ်ဆောင်နာမည်ဖြစ်ပြီး ပရီမို ဆိုတာကတော့ ရတနာလေးလို့ အဓိပ္ပါယ်ယူရမယ်ထင်ပါတယ်။ တစ်ကိုယ်တော်အမေက ပြုစုပျိုးထောင်လာခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးကိုသူ့ရဲ့ဦးလေး ငါးယောက်က ချစ်စနိုးနဲ့ ပရီမို လို့ အမြတ်တနိုးခေါ်ကြတာပါ။မောင် ၅ ယောက်က ယောက်ျားပစ်သွားတဲ့ တစ်ကိုယ်တော်အမေနဲ့ သူရဲ့ သားလေးကို ဝိုင်းချစ်ပြီး ဂရုစိုက်ပေးကြတာ ကြည်နူးစရာလို့ ထင်ကြမှာပေါ့။ ဒါပေမဲ့ အဲဒီလောက်တော့ မရိုးရှင်းပါဘူး။ သူတို့ငါးယောက်က တစ်ယောက်တစ်မျိုး ဒုက္ခပေးတဲ့နေရာမှာ ထူးချွန်ကြတယ်။တစ်ယောက်က ကြောင်တောင်တောင် ဘိုးတော်ယောင် အူတိအူကြောင်တွေလုပ်ပြီး အမျိုးသား လိင်အင်္ဂါပုံ ပန်းပုတွေရောင်းတယ်။ တစ်ယောက်က အလုပ်ခေါင်း၊ ယောက်ျားပီသတယ်ဆိုတာဖုန်တွေကြားမှာ ချွေးတွေ၊ သွေးတွေနဲ့ရင်းပြီး လုပ်ရတာဆိုပြီး ယုံတယ်။ မိန်းမချစ်တတ်တာကလည်း ပြောမနေနဲ့။ တစ်ယောက်က လူမိုက် တွေ့တာအကုန်ချမယ်ဆိုတာချည်းပဲ။ အချုပ်ခန်းရဲ့ ဖောက်သည်အကြီးစားကြီး။ တစ်ယောက်က ဘဏ်စာရေး။ သူ့ကိုယ်သူ ညီအစ်ကိုတွေထဲမှာ ဉာဏ်အကောင်းဆုံးလို့ ထင်တဲ့သူ။ တကယ်လည်း သူတို့အုပ်စုထဲမှာ ဉာဏ်အကောင်းဆုံးဆိုပေမဲ့အနူတောကလူချောဆိုတော့ ပေါတောတောပါပဲ။ နောက်ဆုံးက တပ်ထွက်။ တပ်သားသစ်စုဆောင်းရေးမှာ လုပ်နေတယ်။ သူ့လိုအူကြောင်ကြောင်ကောင်က ဘယ်လိုတောင်တပ်ထဲဝင်ဖို့စည်းရုံးမလဲတော့မစဉ်းစားတတ်ဘူးဗျာ။သူတို့ ငါးယောက်က တွေ့လိုက်တိုင်း အချင်းချင်းပြဿနာတက်ကြပြီး ပျားအုံထဲ ခေါင်းစိုက်နေသလို နားငြီးအောင် လုပ်တတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အမြဲတမ်းလိုလို တစ်ခုမဟုတ်တစ်ခု ပြဿနာတက်ကြတယ်။သူတို့တွေ တစ်ယောက်တစ်မျိုး ကြောင်ကွက်တွေရှိနေပေမဲ့ တူတာတစ်ခုကတော့ သူတို့အစ်မကို ကြောက်ကြတယ်။ ချစ်ကြတယ်။ တူကိုလည်း အရမ်းချစ်ကြတယ်။ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၊ တစ်ကိုယ်တော်အမေနဲ့ ဦးလေးငါးယောက်တို့ရဲ့ ချစ်စရာ၊ ကြည်နူးစရာ တလွဲဖြစ်ကြတဲ့ မိသားစုလေးအကြောင်းကို ဝင်ခံစားလိုက်ကြပါဦး။