ဒီတစ်ခါတော့ အားလုံးကြိုက်ကြမဲ့ Historical Romance series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားထဲမှာ ဇာတ်ကောင်နှစ်ယောက်က ရန်သူကနေ ချစ်သူဖြစ်သွားကြတဲ့ပုံစံမျိုးမို့ ကြည့်ရင်း ကလိကလိဖြစ်ရမှာ ကျိန်းသေပါပဲ။ အဓိကဇာတ်ဆောင်တွေအဖြစ် မမ Dai Lu Wa နဲ့ ကိုလူချောလေး Lai Wei Ming တို့က လိုက်ဖက်ညီညီသရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ငွေမက်သလို သွက်လက်ထက်မြက်လွန်းတဲ့ သားသတ်သမားသမီးလေး ကျင်းပေါင်ကျူးရဲ့တစ်ခုတည်းသောအိပ်မက်ကတော့ ရွှေငွေတွေဆင်မြန်းပြီး ချမ်းသာကြွယ်ဝစွာနေထိုင်ဖို့ပါပဲ။ ဒါပေမဲ့ ဖခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် ဆွေမျိုးတွေရဲ့အမြတ်ထုတ်နှိပ်စက်မှုကို သည်းမခံနိုင်တော့တဲ့အတွက် သူဟာ ချမ်းသာမဲ့လမ်းကို မျက်စိစုံမှိတ်ပြီး ရွေးခဲ့ပါတယ်။ ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းစုကြီးတွေကြားက ရှုပ်ထွေးလှတဲ့အာဏာလွန်ဆွဲပွဲတွေကြားမှာ မတရားစွပ်စွဲခံရပြီး ခြေထောက်မသန်စွမ်းဖြစ်သွားခဲ့ရတဲ့ ရေကြောင်းပို့ဆောင်ရေးမိသားစုရဲ့တရားဝင်သားဖြစ်သူ ရှဲ့ယန်နဲ့ ကျင်းပေါင်ကျူးတစ်ယောက် လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ အစပိုင်းမှာတော့ မတူညီတဲ့စရိုက်သဘာဝတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်ခဲ့ကြပေမဲ့ အန္တရာယ်တွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ဒုက္ခပေါင်းစုံကို အတူတကွရင်ဆိုင်ဖြတ်သန်းရင်း တဖြည်းဖြည်းလက်တွဲညီလာခဲ့ကြပါတယ်။ အဆုံးသတ်မှာတော့ အတိတ်က နာကျင်စရာဒဏ်ရာတွေနဲ့ အမှောင်ထုထဲကနေ တစ်ဦးရဲ့ဒဏ်ရာကို တစ်ဦးက ကုစားကယ်တင်ပေးရင်း မေတ္တာယိုဖိတ်သက်ဝင်ခဲ့ကြပါတော့တယ်။ ဒီကားလေးက Dai Lu Wa နဲ့ Lai Wei Ming တို့ရဲ့Chemistry လေးကို အပြည့်အဝခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်သလို အမြင်မကြည်မှုတွေကနေ ဖြစ်လာတဲ့အလွဲတွေကိုပါမြင်ရမှာမို့ ကြည့်ပျော်တဲ့စီးရီးလေးတစ်ခုပါပဲနော်။