ဒီတစ်ခါ သာ့ကျားတို့ကို မိတ်ဆက်ပေးချင်တာကတော့ ဝူရှစီးရီးအသစ်လေးတစ်ခုပါ။ ဒီဇာတ်လမ်းလေးက ဝူရှဆိုပေမဲ့ နတ်ဘုရားနဲ့လူသားမိန်းကလေးတို့ကြားက အချစ်ရိပ်နွေးနွေးကို ခပ်အုပ်အုပ်လေးဖြန့်ကျက်ထားတာမို့ သိုင်းချတာလဲကြည့်ရင်း အချစ်ချိုမြမြလေးကိုပါ ခံစားရမဲ့ဇာတ်လမ်းကောင်းလေးပါနော်။ ဇာတ်လမ်းရဲ့ MC တွေကတော့ Love and Crown မှာ နီမလိုလိုနဲ့ အမေဇုန်သစ်တောကြီးလိုစိမ်းချသွားတဲ့ Ren Jia Lun နဲ့အတူ Footprints of Change မှာ ပါဝင်ခဲ့တဲ့ မမလှလှလေး Wang He Run တို့က ကမ်မီရော ရူပပါမိအောင် သရုပ်ဆောင်ထားကြပါတယ်။ Ren Jia Lun နဲ့ Wang He Run တို့အပြင် Zhang Kai Ying၊ Huang Yi၊ Ding Xiao Ying၊ Sun Ze Yuan နဲ့ Riley Wang တို့ကပါ MC အဖြစ်ပါဝင်ထားတာမို့ ဇာတ်ဆောင်တွေ လုံးဝမြိုင်ဆိုင်နေမဲ့စီးရီးကောင်းတစ်ခုလို့ခံစားရမှာ အသေချာပါပဲ။ ဇာတ်လမ်းအညွှန်း >>> ရှေးဟောင်းကမ္ဘာဦးကာလတုန်းက စစ်ဝိညာဉ်မျိုးနွယ်စုဟာ သူတို့ကိုထိန်းချုပ်ထားတဲ့အနှောင်အဖွဲ့ကို ဖောက်ဖျက်ခဲ့ကြတဲ့အတွက် နတ်ဘုရားတွေရဲ့အပြစ်ပေးမှုကို ခံခဲ့ရပြီး စွမ်းအားတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ရှန့်ယင်ခေတ်ကိုရောက်တဲ့အခါမှာတော့ ကျင်းဝူမျိုးနွယ်စုရဲ့ခေါင်းဆောင် ကျင်းလင်က မဟုတ်မမှန်အမိန့်ထုတ်ပြီး စစ်ဝိညာဉ်မျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းဖို့ကြိုးစားခဲ့လို့ သူတို့မျိုးနွယ်စုဟာ မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရပြန်ပါတယ်။ နှစ်ပေါင်းတစ်သောင်းကြာပြီးတဲ့နောက်မှာတော့ စစ်ဝိညာဉ်မျိုးနွယ်စုရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့လုချန်းချောင်ဆိုတဲ့ကောင်လေး မွေးဖွားလာခဲ့ပါတယ်။ တစ်ဖက်မှာလဲ ထျန်းယွမ်ဂိုဏ်းက ရှပ်တီးရှပ်ပြာတပည့်လေးဖြစ်သူ ရှင်းမိန်ဟာ မတော်တဆဆိုသလို လုချန်းချောင်နဲ့ ဝိညာဉ်စာချုပ်ချုပ်ဆိုမိသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ ကြမ္မာပါလာတဲ့အတိဒုက္ခ ၆ ပါးကို အတူတူရင်ဆိုင်ကျော်ဖြတ်ရင်း မျိုးနွယ်စုရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက High Fantasy အမျိုးအစားပီပီ မျိုးနွယ်စုတွေကြားက အားပြိုင်မှုတွေ တော်တော်လေးပါဝင်မှာပါ။ ကမ္ဘာဦးကတည်းက သတ်မှတ်ထားတဲ့ကံကြမ္မာဆိုးတွေကို သူတို့နှစ်ယောက် ဘယ်လိုရုန်းကန်မလဲဆိုတာကတော့ ဇာတ်လမ်းရဲ့သွေးကြောမို့ အသဲတယားယား ရင်တခုန်ခုန်နဲ့ကြည့်ရှုအားပေးလိုက်ကြပါအုံးနော်။