CW ကနေ ၂၀၁၄ ခုနှစ်ကစလို့ ထုတ်လွှင့်ခဲ့တဲ့ The Flash စူပါဟီးရိုးစီးရီးမှာဆိုရင် Season ၉ခု ပါဝင်ပြီး၊ Arrow စီးရီးရဲ့ spin-off ဆိုလည်း ဟုတ်ပါတယ်။ ဘယ်ရီအလန်နေရာမှာ မင်းသားချော Grant Gustin က ပါဝင်ထားပြီး စူပါလူသားစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ တခြားသောဇာတ်ကောင်တွေနဲ့ အတူတူ ရာဇဝတ်သားတွေကို ဘယ်လိုနှိမ်နင်းမလဲဆိုတာ မြင်တွေ့ရမှာ ဖြစ်တယ်။ ပထမဆုံးစီဇင်မှာတော့ မှုခင်းဆေးပညာဌာနမှာ အလုပ်လုပ်တဲ့ ဘယ်ရီအလန်တစ်ယောက် စတားစမ်းသပ်ခန်းကြီးရဲ့ ပေါက်ကွဲမှုကနေတဆင့် ဖြစ်ပေါ်လာတဲ့ မုန်တိုင်းကြောင့် မိုးကြိုးပစ်ခံလိုက်ရပြီးနောက် စူပါလူသားအလျင်ကို ရလာခဲ့ပါတယ်။ ဘယ်ရီက ငယ်စဉ်ဘဝမှာပဲ မိခင်ဖြစ်သူဟာ အသတ်ခံခဲ့ရပြီး၊ သူ့ရဲ့ ဖခင်ဖြစ်သူကပဲ မိခင်ကို ပြန်သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘဝကို ရှင်သန်နေရသူပါ။ မိခင်က အသတ်ခံရ၊ ဖခင်က ထောင်ကျသွားပြီးနောက် သူ့ကိုပျိုးထောင်ပေးခဲ့တာကတော့ သူ့ရဲ့ အချစ်ရဆုံးသူငယ်ချင်း အိုင်းရစ်ဝက်စ်ရဲ့ မိသားစုကပါ။ အိုင်းရစ်ဆိုတာကတော့ သူ တိတ်တခိုးချစ်ရတဲ့ အချစ်ဦး။ ဒီလိုနဲ့ သူလည်း အစွမ်းတွေရလာပြီးနောက် သူ့ရဲ့အစွမ်းတွေကို စမ်းသပ်နေစဉ်မှာပဲ သူပြန်မှတ်မိလာတာကတော့ သူ့အမေသတ်ခံရမှုက သွေးရိုးသားရိုးမဟုတ်ဘဲ မဖြစ်နိုင်တဲ့ကိစ္စရပ်တွေ ပါဝင်နေခဲ့တာပါပဲ။ ဒါပေမယ့် သူကိုယ်တိုင်ကိုက မဖြစ်နိုင်တဲ့အရာတစ်ခု ဖြစ်လာတဲ့အခါ... သူ့မိခင်ရဲ့အမှုကို ပြန်စုံစမ်းဖို့ သူကြိုးပမ်းပါတော့တယ်။ တစ်ဖက်မှာလည်း သူတို့မြို့ရဲ့ ရာဇဝတ်သားတွေနဲ့ သူ့လိုမျိုး စွမ်းရည်ရှိတဲ့လူဆိုးတွေကို နှိမ်နင်းရင်းပေါ့။ ပထမစီဇင်တစ်ခုလုံးမှာ သူ့အမေကို သတ်သွားတဲ့လူက ဘယ်သူလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာ ဖြစ်ပြီး အချစ်ဦးဖြစ်သူ အိုင်းရစ်နဲ့ သူဘယ်လိုတွေလွဲဦးမလဲဆိုတာကို မြင်ရမှာဖြစ်ပါတယ်။