ဂျက်ဖရေး ဒါးမား… ဝစ္စကွန်ဆင်ပြည်နယ် မီလ်ဝေါကီးမြို့က ရူပါသန့်သန့် ရွှေအိုရောင်ဆံပင်ရှည်နဲ့ လူချောတစ်ယောက်ပေါ့။ လူပုံစံကပျော့တိပျော့ဖတ်နဲ့ အားမရှိတဲ့ပုံဖြစ်နေတဲ့ ကောင်လေးတစ်ယောက်က လိင်တူစိတ်ဝင်စားသူဖြစ်သလို အဖော်အချွတ် ဓါတ်ပုံတွေရိုက်ကူးရတာ ဝါသနာကြီးတာကြောင့် အနီးအနားက အရက်ဘားကိုသွားပြီး ကိုယ်ဟန်ပြမော်ဒယ်ရှာလေ့ရှိသူပါ။တစ်ရက်မှာတော့ ထရေစီဆိုတဲ့ လူမည်းကောင်လေးတစ်ယောက် ဂျက်ဖ်ရဲ့စကားပြောကောင်းမှုနဲ့အတူ ဓါတ်ပုံရိုက်ခံဖို့ သူ့တိုက်ခန်းကို ပါသွားခဲ့ပါတယ်။ တိုက်ခန်းထဲကို ရောက်တဲ့အချိန်မှ ဂျက်ဖ်ရဲ့ မူမမှန်မှုတွေကို အခါနှောင်းမှ ရိပ်စားခဲ့မိပေမယ့် သေကံမပါခဲ့လို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကင်းလှည့်ရဲကားနဲ့မှ တည့်တည့်တိုးကာ တိုင်ကြားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဂျက်ဖ်တစ်ယောက်ဟာ သားကောင်အရွေးမှားမှုကြောင့် သူ နှစ်ရှည်လများကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေကို အထုပ်နဲ့အထည်နဲ့ ချပြလျက်သား ဖြစ်ပြီး အဖမ်းခံလိုက်ရပါတော့တယ်။အဆိုပါ ဂျက်ဖရေးဒါးမားက တခြားမဟုတ်ပါဘူး။ Milwaukee Cannibal သို့ Milwaukee Monster လို့အမည်ပြောင်ရထားသူ…၁၉၇၈ မှ ၁၉၉၁ခုနှစ်အတွင်း စုစုပေါင်း လူသတ်မှု ၁၇ခု၊ လူသေတွေနဲ့ ကာမစပ်ယှက်မှု၊ လူသားစားမှုတွေလို အော့နှလုံးနာဖွယ် ရာဇဝတ်မှုကြီးတွေကို ကျူးလွန်ထားတဲ့ အမေရိကန် နာမည်ကြီး စိတ္တဇရောဂါသည် ကွင်းဆက်လူသတ်သမားကြီးပဲ ဖြစ်ပါတယ်။ဒီ Limited Serie sမှာတော့ ဂျက်ဖရေးဖမ်းဆီးခံရပြီးနောက်ပိုင်း ရင်ဆိုင်ရမယ့် တရားခွင်တွေနဲ့အတူ သူ့ရဲ့ ပြစ်မှုကျူးလွန်ပုံတွေ၊ ဘဝအတွေ့အကြုံတွေကို Flashback ပုံစံမျိုးနဲ့ ရိုက်ကူးပြသွားမှာပါ။ဒီ series ကို နာမည်ကျော် American Horror Story franchise ကြီးရဲ့ ဖန်တီးသူ Ryan Murphy ကိုယ်တိုင် ပါဝင်ဖန်တီးထားတာဖြစ်သလို ဂျက်ဖရေးဒါးမားအဖြစ် AHS ထဲမှာ ဇာတ်ရုပ်မျိုးစုံကို အကောင်းဆုံး လုပ်ပြထားသလို Psycho ဇာတ်ရုပ်နဲ့ အတော်လေး လိုက်ဖက်တဲ့ Evan Peters က အကောင်းဆုံးပုံဖော်ထားပါတယ်။ Rating တွေအရဆိုရင်လည်း IMDb 8.6/10 ရရှိထားပါတယ်။ Crime Thriller ကောင်းကောင်းလေးမှ စိတ်ဝင်စားတယ်ဆိုရင် အပြင်မှာ တကယ်ရှိခဲ့တဲ့ ကွင်းဆက်လူသတ်သမားကြီးအကြောင်း ခုလို Limited Series က ကြည့်ရှုသူတွေကို စိတ်ကျေနပ်စေမှာပါ။