ဒီစီးရီးကတော့ ထွက်ထွက်ချင်း IMDb 9 အထိ ပေးကြတဲ့ စီးရီးအသစ်လေးပါပဲ။ ခေါင်းဆောင်မင်းသားကတော့ Old Boy, Thanos, Cable ဇာတ်ကောင်တွေနဲ့လူတွေရင်းနှီးပြီးသား ဂျို့ရှ် ဘရိုလင်ပါ။ အမျိုးအစားကတော့ သည်းထိပ်ရင်ဖို့ထူးခြားဆန်းကြယ် အမျိုးအစားပါပဲ။ Stranger Things လိုစတိုင်ပါ။ ဇာတ်လမ်းကိုတော့ ဂရိနတ်ဘုရား ခရိုနို့စ် အပေါ်မှာအခြေခံထားပါတယ်။ ခရိုနို့စ်ဟာသူ့ရဲ့ တံစဉ်းလက်နက်နဲ့ ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကြီးကြားထဲက အာကာသနေရာတစ်ခုကိုအပေါက်တစ်ခုဖြစ်အောင် ခုတ်ဖြဲခဲ့ပါတယ်။ အဲဒီကနေ လက်ရှိကမ္ဘာနဲ့ အခြားကမ္ဘာကိုခြားနားပေးထားလိုက်တာပါပဲ။ ဒီစီးရီးထဲမှာတော့ မင်းသား ဂျို့ရှ်က ရိုင်ရယ်ဆိုတဲ့နာမည်နဲ့ နွားခြံပိုင်ရှင်ကြီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ သူ့အတိတ်ကိုသူမမှတ်မိ၊ သူ့နောက်ကြောင်းကို ဘယ်သူမှမသိကြပေမဲ့ သူ့မှာ မိန်းမတစ်ယောက် နဲ့သားတွေနဲ့ မိသားစုရှိနေပြီ၊ ရီဘက်ကာဆိုတဲ့ မိန်းကလေးတစ်ယောက် သူတို့မိသားစုထဲကနေထူးထူးခြားခြားပျောက်ဆုံးသွားခဲ့တာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။