အင်ယာကျောင်းတော်ကြီးကို အလွမ်းသယ်ဖို့နောက်ထပ်စီးရီးအသစ်လေးတခုလာပါပြီ။ဒီလိုဇာတ်လမ်းတွေကြည့်ရင် တချိန်ကတက္ကသိုလ်ကိုသတိရမိတာအမှန်ပဲ။ကျောင်းတက်ဘဲလ်မြည်တဲ့အသံလေးရယ် ဘဲလ်ပျက်နေရင် ကျောင်းတက်ရမှာမသိတာလိုလိုယောင်လည်လည်နဲ့ အတန်းနောက်ကျခဲ့တာတွေ။ရိုးကောလ်မပြည့်လို့ မိသားစုဆရာမနောက် တကောက်ကောက်လိုက်ပြီး အပူကပ်ရတာတွေ။သူငယ်ချင်းနှစ်ယောက်စကားများပြီး ကျောင်းနားကလယ်ကွင်းထဲ ဆိုင်ကယ်တစီးတည်းစီးသွားမောနေအောင်နပမ်းလုံးပြီး အတူတူကျောင်းကိုပြန်လာခဲ့ကြတာတွေ။တညလုံးမအိပ်ဘဲ မိန်းကလေးဆောင်တွေဂစ်တာလိုက်တီးပြီး အလင်းဆိုင်လေးမှာထမင်းဆီဆမ်းနဲ့ကြက်ဥခေါက်ကြော်စားခဲ့တာတွေ။တညအိပ်နှစ်ရက်ဖဲထိုင်ရိုက်ခဲ့တာတွေ။ စနေ၊တနင်္ဂနွေ နှစ်ရက်လုံး ထန်းရည်ဆိုင်ကမပြန်ခဲ့တာတွေ။အဲဒီလို စတာတွေက အဆောင်နေကျောင်းသားတွေအတွက်တော့ ပြန်တမ်းတအောက်မေ့မိတဲ့အတိတ်ကပုံရိပ်တွေပေါ့။ကြည့်နေရင်း ကြည့်နေရင်း ငါတို့တုန်းကလည်း ဒါမျိုးတွေလုပ်ခဲ့တာလေဆိုတဲ့ဇာတ်ဝင်ခန်းတွေနဲ့။ဗရုတ်တကောင်ပါမယ်။စာကြမ်းပိုးတကောင်ပါမယ်။ဖွန်ကြောင်တဲ့တကောင်ရှိမယ်။နှစ်ဆွေးအရက်သမားကြီးတကောင်ပါမယ်။ဒါဆိုကျောင်းသားကားတစ်ကားအတွက်က ပြည့်စုံနေပါပြီ။တစ်ခန်းကို လူနှစ်ယောက်ပဲနေရပေမယ့် အခန်းနံပါတ် ၂၀၉မှာ ယာဒါ့ဗ်၊ချီတာ၊စိုင်းဆိုတဲ့ ဒီသုံးယောက်ကဘာလို့အတူနေရတာလဲဆိုတာကအစ၊သုံယောက်ပေါင်းပြီး ဘယ်လိုတွေဗရုတ်ကျကြမလဲ၊အမေဖြစ်သူရဲ့ချုပ်ချယ်မှုအောက်ကနေ လွတ်မြောက်လာဖို့အတွက်အင်ဂျင်နီယာကျောင်းတော်ကြီးကို လာတက်တဲ့ကာဗယာတယောက် သူလိုချင်တဲ့လွပ်လပ်မှုတွေရမှာလား။သေးသေးမွှားမွှားကိစ္စလေးကအစ အဖေဖြစ်သူနဲ့တိုင်ပင်တတ်တဲ့ ရီသီကာတစ်ယောက်ကရော သမီးအလိမ္မာလေးအဖြစ်နဲ့ဆက်ရှိနေမှာလားဆိုတာ။အပိုင်းငါးပိုင်းပဲပါတဲ့ ဒီစီးရီးလေးကိုကြည့်ရင်း ကျောင်းသားဘ၀ကိုပြန်လည်အောက်မေ့လိုက်ကြတာပေါ့။