ကမ္ဘာမြေကြီးပေါ်မှာ တည်ရှိနေမှုတွေ ဖြစ်ပျက်နေမှုတွေက ပရမ်းပတာ ကျပန်းဖြစ်ပျက်နေတယ်လို့ ထင်ပါသလား?တကယ်လို့ စကြဝဠာကြီးရဲ့ဖွဲ့စည်းပုံ၊ ပန်းကလေးတွေရဲ့ဝတ်ဆံ၊ ခရုခွံလေးတွေရဲ့ အရစ်လေးတွေကအစ ကိန်းဂဏန်းတွေနဲ့ ဆက်စပ်ပြီးတိကျစွာဖြစ်တည်နေတယ်ဆိုရင်ရော?ဒါဆိုရင် အဲဒီ ကိန်းဂဏန်းတွေအတွက် တိကျတဲ့ ကိန်းစဉ်လေးတစ်ခုရှိပါလိမ့်မယ်။ အဲဒီကိန်းစဉ်နဲ့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ လှပတဲ့ဆက်နွယ်မှုကြီးကို မြင်နိုင်စွမ်းရှိလာတဲ့အခါဒီနေ့ လူဘယ်နှယောက်မွေးဖွားမယ်၊ဘယ်နှယောက်သေဆုံးမယ်၊ လူတွေ စကားဘယ်နှခွန်းပြောပြီး၊ စာဘယ်နှစောင်ပို့ကြမယ်ဆိုတာကို ကြိုတင်ဆုံးဖြတ်နိုင်လာပါလိမ့်မယ်။အလွယ်ပြောရရင် အနာဂါတ်ကို အလှပဆုံးနည်းလမ်းနဲ့ ကြိုတင်တွက်ဆနိုင်သွားပါလိမ့်မယ်။ ဥပမာ အချိန်တခုမှာ လမ်းနံပါတ်တစ်ခုကို ခြေလှမ်းရေအတိအကျလျှောက်လှမ်းပြီးလူတစ်ယောက်ကို ဝင်တိုက်လိုက်မယ်ဆိုရင် အဲဒီကဆက်စပ်ဖြစ်စဉ်တွေက ဂျပန်က လူတစ်ယောက်ရဲ့ဘ၀ အီရတ်ကလူတစ်ယောက်ရဲ့ ဘဝနဲ့ ကမ္ဘာအနှံ့မှာ သက်ရောက်မှုတွေဆက်တိုက်ဖြစ်သွားစေနိုင်ပါလိမ့်မယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်ကောင်ဟာ ဂျိတ်ဆိုတဲ့ Autism နဲ့ စကားလုံးဝမပြော လူအထိမခံတဲ့ ကလေးငယ်ရဲ့ ထူးဆန်းတဲ့အနာဂါတ်ကိုကိန်းဂဏန်းတွေကနေ သိရှိနိုင်တဲ့အစွမ်းနဲ့ သူ့သားရဲ့ ပဟေဠိမှန်သမျှကိုလိုက်ဖြေရှင်းပေးရတဲ့ အဖေ၊ ဒီလိုစွမ်းအင်နဲ့ လူတွေကို အကြံတစ်ခုကြောင့် လိုက်လံစုစည်းနေတဲ့အဖွဲ့၊လိုက်ပြီး လုပ်ကြံနေသူတွေနဲ့ လိုက်ပြီးကာကွယ်နေသူတွေရဲ့ကြားက စိတ်ဝင်စားစရာများစွာကို တင်ဆက်ထားတာပါ။