စုံထောက်မှုခင်းဇာတ်ကားကောင်းလေးတွေကို စောင့်မျှော်နေသူများအတွက် ကိုးရီးယားနဲ့ ဂျပန် ပူးပေါင်းဖန်တီးထားတဲ့ Manhwa ကို အခြေခံရိုက်ကူးထားတဲ့ Netflix စီးရီးသစ်လေး ထွက်ရှိလာပါပြီ။ My Liberation Notes နဲ့ D.P. ထဲက မင်းသား Son Suk-Ku နဲ့ Water Boys ထဲက ဂျပန်မင်းသား Nagayama Eita တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Beyond Evil ထဲက Kim Shin-Rock နဲ့ Choi Sung-Eun, Partners for Justice ထဲက မင်းသားကြီး Jung Jae-Young တို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - ၂၀၀၂ ခုနှစ် ကိုးရီးယား-ဂျပန် ကမ္ဘာ့ဖလားကျင်းပခါနီးကာလ တိုကျိုမြို့မှာ ခြေလက်တွေ ပြောင်းပြန်လိမ်ချိုးခံထားရတဲ့ အမျိုးသမီးအလောင်းကို တွေ့ရှိလိုက်ရပါတယ်။ ထူးခြားချက်က အဲဒီအလောင်းကို အနုပညာလက်ရာအလား ခင်းကျင်းပြသထားပြီး နံရံပေါ်မှာလည်း ကိုးရီးယားဘာသာနဲ့ ရေးထားတဲ့ သွေးစာတွေ ချန်ရစ်ထားခဲ့တာပါပဲ။ တစ်ပြိုင်တည်းမှာပဲ ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာလည်း ဂျပန်သွေးစာတွေ ချန်ထားခဲ့တဲ့ အလားတူ လူသတ်မှုမျိုး ဖြစ်ပွားခဲ့ပါသေးတယ်။ ဒီအမှုကို ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့က စုံထောက် ဂင်ဆော့ (Son Suk-Ku) နဲ့ တိုကျိုရဲဌာနချုပ်က စုံထောက် အီနိုဆဲ (Nagayama Eita) တို့က ပူးပေါင်းစုံစမ်းစစ်ဆေးဖို့ ဖြစ်လာတဲ့အခါမှာတော့... တကယ်ပဲ ဒီကွင်းဆက်လူသတ်မှုကြီးက ဘယ်အချိန်ကတည်းက အရင်းခံ စတင်လာတာများလဲ... တရားခံအစစ်ကရော ကိုးရီးယားလူမျိုး ဖြစ်မလား ဂျပန်လူမျိုး ဖြစ်မလား... ဘာသာစကားချင်း မတူသလို အမှုအပေါ် ရှုမြင်သုံးသပ်ပုံချင်းလည်း ကွဲပြားနေကြတဲ့ စုံထောက်နှစ်ဦးက ဒီရှုပ်ထွေးနက်နဲတဲ့ အမှုရဲ့ အမှန်တရားကို ဘယ်လို အဖြေရှာဖော်ထုတ်သွားကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်အားပေးကြပါဦးနော်။