Republican ခေတ်ဦး ရှန်ဟိုင်းမြို့ကြီးရဲ့မုန်တိုင်းထန်လှတဲ့ အာဏာလုပွဲတွေကြားမှာ စစ်ဘုရင်တစ်ဦးရဲ့အငယ်ဆုံးမွေးစားသားဖြစ်သူ မုရုန်ချင်းယီဟာ မှားယွင်းခေါ်ဆောင်ခံလိုက်ရပါတယ်။ဒါမို့ ငယ်စဉ်ကတည်းက မွေးစားဖခင်ရဲ့ရက်စက်စွာနှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရရှာပါတယ်။ ဆယ်ကျော်သက်အရွယ်မှာတော့ အဲဒီငရဲခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးသေလုမျောပါးဖြစ်နေတဲ့သူ့ကို မိန်းမငယ်လေး ရန်စူးစူးက ကယ်တင်ပေးခဲ့ပေမဲ့ အဲဒီကယ်တင်မှုကြောင့်ပဲ စူးစူးရဲ့မိသားစုတစ်ခုလုံး ကပ်ဘေးသင့်ပြီး ပျက်စီးသွားခဲ့ရပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး နှလုံးသားချင်း တိတ်တဆိတ်ငြိတွယ်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် ရန်စူးစူးဟာ တခြားသူတွေကို ကယ်တင်ဖို့အတွက် သေဆုံးသွားဟန်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာမို့ မုရုန်ချင်းယီခမျာ ချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့သေရာပါဒဏ်ရာကို အသဲခိုက်အောင်ခံစားနာကျင်ခဲ့ရပါတယ်။ဒါပေမဲ့ သုံးနှစ်အကြာမှာတော့ ရန်စူးစူးဟာ မုရုန်ချင်းယီရဲ့အစ်ကိုဖြစ်သူနဲ့လက်ထပ်ရမဲ့ ဇနီးလောင်းအဖြစ်နဲ့ သူ့ဘဝထဲကို တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ တစ်ယောက်ကသစ္စာဖောက်ခံလိုက်ရတယ်ဆိုတဲ့ နာကျည်းချက်တွေ၊ အမုန်းတရားတွေပြည့်နှက်နေချိန်မှာ နောက်တစ်ယောက်ကလည်း ဖွင့်ဟပြောပြလို့မရတဲ့ နာကျင်စရာလျှို့ဝှက်ချက်တွေကိုဖုံးကွယ်ထားရတာမို့လို့ သူတို့နှစ်ယောက်ရဲ့ကြားမှာ အမုန်းနဲ့အချစ်၊ သံယောဇဉ်နဲ့တင်းမာမှုတွေဟာ အပြင်းအထန်အားပြိုင်လာပါတော့တယ်။အချစ်စစ်ရင် ဘယ်လိုအခက်အခဲမဆို ပြေလည်လွယ်တယ်ဆိုသလိုပဲ သူတို့ကြားက အထင်လွဲမှားမှုတွေကလည်း တဖြည်းဖြည်းပြေလည်သွားပြီး မေတ္တာစစ်တွေပြန်လည်နိုးထလာတဲ့အချိန်မှာ တစ်တိုင်းပြည်လုံးကိုဖျက်ဆီးမဲ့ စစ်မက်မုန်တိုင်းက ကျရောက်လာခဲ့ပြန်ပါတယ်။ ဒါကြောင့် မုရုန်ချင်းယီနဲ့ရန်စူးစူးတို့ဟာ တိုင်းပြည်အတွက်မာယာများတဲ့ရန်သူတွေကို အတူတူရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါမှာတော့ အမုန်းတရားတွေ၊ စစ်မီးလျှံတွေကြားထဲက သူတို့နှစ်ယောက်ရဲ့ကံကြမ္မာဟာ ဘယ်လိုအဆုံးသတ်မျိုးဆီဦးတည်သွားမလဲ၊ သူတို့ရဲ့ချစ်ဒဏ္ဍာရီဟာ ဘယ်လိုလွမ်းစရာကောင်းပြီးဆွတ်ပျံ့ရီဝေနေမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားရင်း ကြည့်ရှုရမှာပါ။ ကိုကိုကျန်းဟော့နဲ့ မမချူးရန်ကလည်း လုံးဝလိုက်ဖက်သလို ဇာတ်အိမ်ကလည်း လုံးဝခိုင်တဲ့အပြင် ရိုက်ကူးချက်တွေကပါ မိမိုက်လွန်းတာမို့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရင်း ဇာတ်လမ်းထဲကိုယ်တိုင်ပါ လုံးဝနစ်မြောသွားမှာ အသေအချာပါပဲနော်။