ဇာတ်လမ်းက ၁၉၉၅ ခုနှစ်ကို အခြေခံထားတာပါ။ အသက် ၁၆ နှစ်အရွယ် Elle က ကယ်လီဖိုးနီးယားက သူဌေးရပ်ကွက်မှာ လိုလေသေးမရှိ ကြီးပြင်းလာတဲ့ ကောင်မလေးပေါ့။သူငယ်ချင်းတွေဝိုင်းဝိုင်းလည်၊ အချစ်ရေးကလည်း အဆင်ပြေ၊ ပန်းရောင်လေးတွေဝတ်ပြီး ဘဝကြီးက သာယာနေတာပါ။ ဒါပေမဲ့ သူ့အဖေ ပလတ်စတစ်ဆာဂျရီဆရာဝန်ကနာမည်ကြီးတစ်ယောက်ရဲ့ နှာခေါင်းကို ခွဲစိတ်ရင်း အလွဲကြီးလွဲသွားလို့ ပြဿနာတက်ပါလေရော။ အဲဒီတော့ ပြဿနာတွေကို ရှောင်ဖို့ မိသားစုလိုက် မိုးတအားရွာပြီး မှိုင်းညို့နေတဲ့ဆီယက်တဲလ် (Seattle) မြို့ကို ပြောင်းပြေးရပါတယ်။နေရောင်ခြည်နဲ့ ပန်းရောင်ကို ရူးသွပ်တဲ့ ကယ်လီဖိုးနီးယားသူလေးတစ်ယောက် ဆီယက်တဲလ်က အနက်ရောင်တွေ၊ အညိုရောင်တွေချည်း ဝတ်တဲ့ ဂရန်ဂျ် (Grunge) ယဉ်ကျေးမှုကြားထဲရောက်သွားတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာက စိတ်ဝင်စားစရာပါ။ အထက်တန်းကျောင်းမှာ အသစ်ရောက်လာတဲ့သူမို့ အနိုင်ကျင့်တဲ့သူတွေ၊ အချစ်ရေး အရှုပ်အထွေးတွေနဲ့မထင်မှတ်ထားတဲ့ သူငယ်ချင်းအသစ်တွေ စသဖြင့် မြီးကောင်ပေါက်အရွယ် ပြဿနာပေါင်းစုံကို ရင်ဆိုင်ရတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရမှာပါ။