ကူဂျို တိုင်ဇာဟာ ဆိုးပေ့ ကြမ်းပေ့ ဆိုတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင်တွေ လူမိုက်အုပ်စုတွေ ကလေကချေတွေကိုမှ တရားရုံးမှာ ခုခံလျှောက်လဲပေးပြီး ကြီးတဲ့အမှုကို ငယ်စေ၊ ငယ်တဲ့အမှုကိုပပျောက်စေ ဆိုပြီး အပီအပြင်ချနေတဲ့ တရားပြိုင်ရှေ့နေတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ ရှေ့နေလောကမှာ ရှေ့နေယုတ် ဆိုပြီးတော့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ တစ်ဖက်မှာတော့ ရှင်ဂျီ ကာရာဆူမာဆိုတဲ့ ရှေ့နေကတော့ ထိပ်တန်းရှေ့နေရုံးတွေမှာ အလုပ်အတွေ့အကြုံကောင်းတွေ ရှိခဲ့ပေမဲ့ ရှေ့နေ ကူဂျိုဟာ ဘယ်လိုလူမျိုးလဲ၊ သူ့လုပ်ရပ်တွေ၊သူ့ရပ်တည်ချက်တွေက တကယ်ရော ယုတ်ညံ့တာလား၊ ဒါမှမဟုတ် မှန်ကန်တာလားဆိုတာကို သိချင်တဲ့အတွက် ကူဂျိုနဲ့အတူ အမှုတွေမှာ လက်တွဲဆောင်ရွက်ဖို့ အင်တာဗျူးလာဖြေရာကနေနှစ်ယောက်သား အလုပ်လုပ်ဖြစ်သွားခဲ့ပါတယ်။ဒီတော့ လူကောင်းလား လူဆိုးလား ခန့်မှန်းမရတဲ့ ရှေ့နေ ကူဂျိုနဲ့ သမာသမတ် စာအုပ်ကြီးသမား ရှေ့နေ ကာရာဆူမာတို့ နှစ်ယောက်သား အမှုတွေကို ဖြေရှင်းကြရင်း ဒီဇာတ်လမ်းတွဲလေးမှာ ရှေ့နေ ကူဂျိုရဲ့ ဇာတ်ကောင်ကို အဖြေရှာရင်း စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။