ဒီတစ်ခေါက်မှာတော့ Netflix ကရိုက်ကူးတင်ဆက်ထားတဲ့ဩစတြေးလျက မိသားစုပိုင် နွားမွေးမြူရေးလုပ်ငန်း အကြောင်းစီးရီးတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။မိသားစုပိုင် နွားမွေးမြူရေးလို့ပြောလို့ အသေးစားစီးပွားရေးလုပ်ငန်းလေးတစ်ခုလို့ ထင်လိုက်ရင် သိပ်ကိုမှားသွားပါလိမ့်မယ်။ဘာလို့ဆို အခုဇာတ်လမ်းထဲမှာပါတဲ့နွားခြံဟာ ကမ္ဘာ့အကြီးဆုံးဧရာမ နွားမွေးမြူရေးခြံကြီးဖြစ်နေလို့ပါပဲ။ဩစတြေးလျနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက အခြေချနေထိုင်ပြီး နွားမွေးမြူရေးကို အင်ပါယာကြီးတစ်ခုသဖွယ် တည်ဆောက်လုပ်ကိုင်နေကြတဲ့ မိသားစုတွေရှိပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ လောဆင်မိသားစုကို အဓိကထားပြီးဇာတ်အိမ်တည်ပြထားပါတယ်။ လောဆင်မိသားစုဟာ မေရီအန်းဆိုတဲ့ ကမ္ဘာ့အကြီးဆုံးနွားမွေးမြူရေးခြံကြီးကိုပိုင်ဆိုင်ထားပြီးမိသားစုလုပ်ငန်းအမွေကိုဆက်ခံလာလိုက်တာ အခုဆို မျိုးဆက်၅ဆက်မြောက်ကိုတောင်ရောက်လို့နေပါပြီ။ဒါပေမဲ့ အမျိုးမျိုးသော အကြောင်းတရားတွေကြောင့် ဘဏ်ကြွေးတွေတပုံကြီးတင်နေပြီး ဒေဝါလီခံရလုနီးပါးဖြစ်နေတာကြောင့် နွားတွေတင်ပို့ရမဲ့အတွက် နွားသိမ်းရာသီမှာ ဘာတစ်ခုမှချွတ်ချော်လို့မရတဲ့အခြေအနေကိုရောက်လို့နေပါတယ်။အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် မေရီအန်းနွားခြံကို လက်ရှိမှာဦးစီးနေတဲ့ လောဆင်မိသားစုရဲ့သားအငယ်ဆုံး ဒန်နီယယ်လောဆင်ဟာရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ဒီလိုနဲ့ လောဆင် မိသားစုတွင်းမှာ ခေါင်းဆောင်နေရာအတွက်ပဋိပက္ခလေးတွေစတင်ဖြစ်လာပါတယ်။“နွားကွဲရင်ကျားဆွဲတယ်”ဆိုတဲ့ စကားအတိုင်း လောဆင်မိသားစုသွေးကွဲတာကို အသင့်စောင့်နေကြတဲ့ အခွင့်ကောင်းသမားတွေကလည်း မေရီအန်းခြံကြီးကို အပိုင်သိမ်းဖို့ ကြံစည်လာကြပါတော့တယ်။လောဆင်မိသားစုက အဲဒီအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ပြီးခြံကြီးကို ဘယ်လိုထိန်းသိမ်းသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ စီးရီးတစ်ခုပါ။ဒါ့အပြင် ဩစတြေးလျနိုင်ငံရဲ့ သဘာဝအလှတရားတွေကိုပါတဝကြီး ကြည့်ရှုရမှာဖြစ်ပြီး၊ နွားကောင်ရေ ထောင်နဲ့ချီကိုကားတွေဆိုင်ကယ်တွေ ရဟတ်ယာဉ်တွေနဲ့ အဂေါ်ကြီးတွေကျောင်းပြသွားမှာဆိုတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။