ခင်ဗျားသာ ရုပ်ရှင်တွေကို ချစ်တဲ့လူမှန်ရင် The Offer ဟာ ခင်ဗျားဘယ်လိုမှ ငြင်းပယ်မရမယ့် ရုပ်ရှင်ပါပဲ။ The Godfather ဆိုတဲ့ နာမည်ကို ရုပ်ရှင်လောကမှာရော စာအုပ်လောကမှာရော မသိတဲ့သူမရှိပါဘူး။ 1969 မှာထုတ်ဝေခဲ့တဲ့ မာရီယိုပူဇိုရဲ့ The Godfather ဟာ နယူးယောက်တိုင်းမ်ရဲ့ အရောင်းရဆုံး စာအုပ်စာရင်းကနေ ၆၇ပတ်အထိ မဆင်းခဲ့ဘဲ နှစ်နှစ်အတွင်းမှာ ကော်ပီကိုးသန်းကျော်ရောင်းခဲ့ရတဲ့အထိ ၀က်၀က်ကွဲအောင်မြင်ခဲ့တယ်။ 1972မှာ ထွက်ခဲ့တဲ့ ပူဇိုပဲ ဇာတ်ညွှန်းရေးပြီး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရိုက်ခဲ့တဲ့ The Godfather ရုပ်ရှင်ဟာလည်း Greatest Of All Time ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ အဲဒီရုပ်ရှင်ဖြစ်လာဖို့ ကြိုးစားခဲ့ရတဲ့ နောက်ကွယ်က ဇာတ်လမ်းတွေ၊ နောက်ကွယ်က လူတွေအကြောင်းပါပဲ။ဇာတ်လမ်းတွဲရဲ့နာမည်ကိုက ဂေါ့ဖားသားကားရဲ့ နာမည်ကျော် ဒိုင်ယာလော့ဖြစ်တဲ့” I’m gonna make him an offer he can’t refuse.” ကို သုံးထားပါတယ်။ Offer ဆိုတဲ့ စကားလုံးနဲ့ သိပ်လိုက်အောင် ဂေါ့ဖားသား ကားဖြစ်လာဖို့လည်း မငြင်းဆိုနိုင်မယ့်ကမ်းလှမ်းမှုတွေအများကြီးလုပ်ခဲ့ရတဲ့ အကြောင်းတွေပါ ပြထားတယ်။ ဆယ်ပိုင်းပါ ဇာတ်လမ်းတွဲပေမဲ့ ကားကောင်းဘာမှသိပ်မထွက်သေးတဲ့ ၂၀၂၂ရဲ့ ၄လတာအတွင်း ကြည့်မိခဲ့သမျှ ရုပ်ရှင်တွေထဲတော်တော်သဘောကျမိတဲ့ ရုပ်ရှင်ဖြစ်သွားခဲ့ပါတယ်။