ဒီတစ်ခေါက်မှာတော့ ၂၀၂၅ထွက် စပိန် Romantic Thriller စီးရီးလေးဖြစ်တဲ့The Garderner ဥယျာဉ်မှူးလူသတ်ကားလေးကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။စီးရီးကို Miguel Sáez Carral က ဖန်တီးထားပြီး Álvaro Rico၊ Cecilia Suárez နဲ့Catalina Sopelana တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းပြောပြရရင်တော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Elmer ဆိုတဲ့ ကောင်လေးကငယ်စဉ်မှာ ကားမတော်တဆမှုဖြစ်ခဲ့ပြီး ဦးနှောက်အရှေ့ပိုင်းထိခိုက်ကာ ခံစားချက်ကင်းမဲ့သွားခဲ့တယ်ခံစားချက်ကင်းမဲ့တယ်ဆိုတာ အချစ်၊ အမုန်း၊ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တွေစတဲ့ခံစားချက်တွေမှန်သမျှကို ခံစားလို့မရတော့တာမျိုးပါ။ ဒီနေရာမှာ တစ်ချက်စဉ်းစားကြည့်ပါ။သင်သာဘာမှ မခံစားရတော့တဲ့လူ ဖြစ်လာရင်ဘာလုပ်မလဲ။ ချို့ယွင်းချက်တစ်ခုဆိုပေမဲ့လည်းဒီလိုလူတစ်ယောက်အတွက်က အကောင်းဘက်ကကြည့်ရရင်တော့ စင်ပေါ်မှာ စကားပြောရဲမယ်၊သူများတွေကြောက်တဲ့ ပိုးဟပ်တို့၊ ပင့်ကူတို့၊ ပိန်ညောင်တို့၊ သရဲတို့လည်း ကြောက်ရမယ်မှန်းမသိတော့ဘူး၊ကျရှုံးတာကြောင့်လည်း ဝမ်းမနည်းတတ်ဘူး၊ နောက်ပြီး အချစ်ကိုလည်း ခံစားလို့မရတော့တာမို့အသည်းကွဲစရာမလိုတော့ဘူး။ မလုပ်ရဲတာလည်း ဘာမှမရှိသလောက်ကိုဖြစ်နေမယ်။စူပါပါဝါတစ်ခုလိုပဲနော်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ဝမ်းသာခြင်းမရှိ၊ ကျေနပ်ခြင်းမရှိ၊တစ်ဖက်သားကို ကိုယ်ချင်းစာစိတ်မရှိ၊ ခံစားချက်မရှိတာမို့ သူများနဲ့ အလိုက်သင့်စကားပြောလို့မရတော့တာမျိုးတွေတောင်ဖြစ်နေမယ်။လက်ရှိ ai စက်ရုပ်တွေထက်တောင်ဆိုးနေပါဦးမယ်။သူတို့ကမှကိုယ့်ကို ကိုယ်ချင်းစာတတ်ဖို့၊မှန်မှန်ကန်ကန်နေတတ်ဖို့ ဆုံးမပေးသေးတယ်။ဒါတွေထားပါ။ ဒီတော့ ဇာတ်လမ်းကို ပြန်ဆက်ရရင်မတော်တဆမှုကြောင့် ဒီလိုခံစားချက်မဲ့သွားတဲ့ အယ်မာဟာငယ်ကတည်းကအပင်တွေနဲ့ ရင်းနှီးတာကြောင့် သာယာလှပတဲ့ကိုယ်ပိုင်စိုက်ခင်းလေးတစ်ခုရဲ့ ဥယျာဉ်မှူး အဖြစ်အသက်မွေးတယ်။၎င်းရဲ့ အမေဖြစ်သူမှာတော့ သူမအရင်ကသူပိုင်ဆိုင်ခဲ့ဖူးတဲ့သူတို့အဆင်မပြေတဲ့အချိန်မှာ ရောင်းလိုက်ရတဲ့ မက္ကဆီကိုကအိမ်ကြီးကို ပြန်ပိုင်ဆိုင်လိုတဲ့ အိပ်မက်ကြီးတစ်ခုရှိနေပါတယ်။ဒီအတွက်ငွေအများကြီးလိုတာကြောင့် စိတ်ဝေဒနာသည် သားဖြစ်သူကိုအသုံးချပြီးငွေရှာဖို့ သူမ ကြံစည်ပါတော့တယ်။ သားဖြစ်သူဟာမကြောက်တတ်တာကြောင့် လူသတ်ရမယ့် အလုပ်ကိုအလွယ်လေးလုပ်ပေးနိုင်တာကို မိခင်ဟာ ကောင်းကောင်းသိပါတယ်။ဒါကြောင့် မိခင်ဖြစ်သူဟာ သားဖြစ်သူ ကြေးစားလူသတ်သမားအတွက်client ရှာပေးရသူဖြစ်လာပြီး သားဖြစ်သူဟာ လူတွေတစ်ယောက်ပြီးတစ်ယောက်စသတ်ပါတော့တယ်။ နောက်ဆုံးအိမ်ပြန်ဝယ်နိုင်မယ့် ငွေပမာဏရနိုင်မယ့်လူသတ်မှုလုပ်ရမယ့်အချိန်မှာတော့ အကြောက်အလန့်ကင်းသူကြီးအတွက်မလွယ်ကူနိုင်တော့ပါဘူး။ ဘာက ခက်ခဲစေတာလဲ။ ဒီအခက်အခဲကိုအယ်မာကျော်ဖြတ်နိုင်ပါ့မလားဆိုတာတော့စီးရီးလေးကြည့်ရင်း ရှာဖွေလိုက်ကြရအောင်ပါ။