“တစ်လောကလုံးမှာ အရင်းနှီးရဆုံးနဲ့အချစ်ဆုံးလူသားဖြစ်တဲ့ဖခင်က နာမည်ကြီးကွင်းဆက်လူသတ်သမားဖြစ်နေတာကိုသိလိုက်ရတဲ့ ၁၅ နှစ်သမီးလေးမလီဆာ” Paramount+ ကပြသနေတဲ့ Happy Face စီးရီးကတော့ ဖြစ်ရပ်မှန်ရာဇဝတ်မှုတီဗီစီးရီးအမျိုးအစားပါ။၂၀၀၉ ခုနှစ်က မလီဆာရဲ့ကိုယ်ရေးအတ္တုပ္ပတ္တိနဲ့ ၂၀၁၈ ခုနှစ်ကHappy Face ဆိုတဲ့မလီဆာရဲ့ Podcast တစ်ခုကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။အပြုံးမျက်နှာလူသတ်သမားလို့နာမည်ကြီးတဲ့ ကိသ်ဟန်တာဂျက်စပါဆင်ဟာ ၁၉၉၀ ကနေ ၁၉၉၅ ခုနှစ်အတွင်း အမျိုးသမီရှစ်ယောက်ကိုသတ်မှုနဲ့ အော်ရီဂွန်အကျဉ်းထောင်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနေရတာဖြစ်ပါတယ်။ရှစ်ပိုင်းပါဝင်တဲ့ဖြစ်ရပ်မှန်စီးရီးမှာတော့ ဖခင်ကိုအရမ်းချစ်တဲ့မလီဆာဟာ တကယ့်လက်တွေ့မှာမကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတဲ့ဖခင်ကိုပြန်တွေ့ရဖို့အကြောင်းဖန်လာပုံနဲ့ စတင်ထားပါတယ်။ မိတ်ကပ်ဆရာမတစ်ယောက်ဖြစ်တဲ့မလီဆာကဖခင်ရဲ့အရိပ်မည်းကြီးအောက်ကလွတ်မြောက်ဖို့ ခင်ပွန်းသည်ဘန်ရယ် သားသမီးနှစ်ဉီးရယ်နဲ့အတူ သီးသန့်ဘဝတစ်ခုကိုထူထောင်ထားခဲ့တာပါ။ တစ်ရက်မှာတော့ သူအလုပ်လုပ်တဲ့ဒေါက်တာဂရတ်ဂ်ရှိုးကို ထောင်ထဲမှာရှိနေတဲ့ဖခင်ကဖုန်းဆက်ပြီးသူသတ်ခဲ့တဲ့ ကိုးယောက်မြောက်အမျိုးသမီးတစ်ဉီး ရှိနေသေးတယ်လို့ ဆိုလာပါတယ်။ အပြုံးမျက်နှာလူသတ်သမားဆိုတဲ့နာမည်နဲ့ ဝေးဝေးနေချင်ခဲ့ပေမယ့် သူ့သားသမီးတွေဆီအထိစာတွေပို့ပြီးခြိမ်းခြောက်လာခဲ့တဲ့ဖခင်ကြောင့် မလီဆာဟာဖခင်ရဲ့ကိုးခုမြောက်လူသတ်မှုကိုဖော်ထုတ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။IMDb rating 7/10 နဲ့ ခရမ်းချဉ်သီးပုပ် rating 67% ရရှိထားတဲ့Happy Face ဟာ သားသမီးဖြစ်တဲ့မလီဆာရဲ့ခံစားချက်တွေကနေဇာတ်ကိုဆွဲခေါ်သွားတာဖြစ်ပေမယ့် မြန်ဆန်သွက်လက်တဲ့ဇာတ်ကွက်တွေနဲ့အတူ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။