လျှို့ဝှက်ဆန်းကြယ်စုံထောက်ဇာတ်လမ်းတွေကိုကြိုက်နှစ်သူတွေအတွက် Mini Seriesကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် တရားခံတွေက လူကြီးတွေဖြစ်နေတာများပေမဲ့ ဒီကားထဲမှာတော့ ၁၃ နှစ်သား ကလေးလေးက တရားခံဖြစ်နေပြီးတရားခံကိုအစကတည်းက တန်းသိရပေမဲ့ နောက်ပိုင်းကိုလည်း စိတ်ဝင်စားစရာကောင်းအောင်ဆက်လက်ဆွဲခေါ်သွားပေးနိုင်တဲ့အတွက် အချိန်ပေးရတာတန်စေမဲ့ Series လေးတစ်ခုလို့ပြောလို့ရပါတယ်။ နာမည်ကတော့ Adolescence ဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ TVSeries တွေမှာ တော်တော်ကောင်းကောင်းလက်စွမ်းပြထားနိုင်တဲ့ Ashley Walters တို့Stephen Graham တို့အပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးIMDb Rating ကြမ်းကြမ်း 8.5 အထိကိုဆွတ်ခူးထားနိုင်တာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဂျေမီဆိုတဲ့ ၁၃ နှစ်အရွယ်ကောင်လေးရဲ့အိမ်ကို ရဲတွေ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဝင်စီးနင်းတာကိုတွေ့ရမှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဂျေမီ့ကို ရဲစခန်းကို ဖမ်းခေါ်သွားခဲ့ပါတော့တယ်။အဲ့ဒီအခါမှာ မိဘဖြစ်သူတွေကအကျိုးအကြောင်းမေးတဲ့အခါမှာတော့ သူတို့သားကိုလူသတ်မှုသံသယရှိသူအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ကြောင်းသိလိုက်ရပါတော့တယ်။ဒီလိုနဲ့ဂျေမီတစ်ယောက် ရဲစခန်းလုပ်ထုံးလုပ်စဉ်တွေအတိုင်း စစ်ဆေးတာတွေ စစ်မေးတာတွေကိုခံရပြီး သိပ်မကြာခင်မှာပဲ တရားခံပေါ်သွားပါတော့တယ်။ အထက်မှာပြောခဲ့သလိုပဲတရားခံတန်းပေါ်သွားပေမဲ့ နောက်ပိုင်း ဆက်လာမဲ့ အကြောင်းအရာတွေကမှ တကယ်စိတ်ဝင်စားဖို့ ကောင်းတာပါ။ စောစောစီးစီး တရားခံအထိ Spoil ပြီးသွားပြီ ဆိုတော့နောက်ဆက်တွဲတွေကို ဆက်မပြောတော့ဘဲ ကိုယ်တိုင်ပဲလက်မလွတ်တမ်း ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပေးလိုက်ချင်ပါတော့တယ်။