ဒီစီးရီးကတော့ မကြာသေးခင်ကမှ ထွက်ရှိထားပြီး Fox Network ကနေရိုက်ကူးထားတဲ့ စီးရီးအသစ်တစ်ခုဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်းစုဟာ ပြည်မကြီးရဲ့အနောက်တောင်ဘက် မိုင် ၂၀၀၀ အကွာ ပစိဖိတ်သမုဒ္ဒရာအစပ်မှာ တည်ရှိတာဖြစ်ပါတယ်။ဒီပြည်နယ်ထဲမှာရှိတဲ့ကမ်းခြေတွေ၊ ကျွန်းတွေဟာ ခရီးသွားအများအပြားကို ဆွဲဆောင်ကြတဲ့နေရာတွေဖြစ်ပါတယ်။ဒီထဲမှာမှ မြောက်ပိုင်းကမ်းခြေ အိုဝါဟူကတော့ ကြီးမားတဲ့လှိုင်းလုံးတွေ သာယာတဲ့ကမ်းခြေတွေကြောင့် လူသိများကြပါတယ်။နွေရာသီဆိုရင်လည်း အပန်းဖြေသူတွေ ရေလွှာလှိုင်းစီးသူတွေနဲ့ပြည့်နှက်နေပြီး ဆောင်းတွင်းဆိုရင်လည်း ရေလွှာလျှောစီး (Surfing) ပြိုင်ပွဲတွေကျင်းပကြပါတယ်။ကုန်းတွင်းပိုင်းမှာဆိုရင်လည်း သစ်တောသစ်ပင်တွေ တောင်ကုန်းတန်းတွေအပြည့်နဲ့ တောင်တက်ခရီးသွားများအတွက် လည်ပတ်စရာတွေပေါတဲ့နေရာတစ်ခုပါ။ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီလိုပျော်စရာတွေနဲ့အပြိုင် အန္တရာယ်တွေလည်းရှိနေပါသေးတယ်။ကမ်းခြေမှာ ကြီးမားတဲ့လှိုင်းလုံးတွေကြောင့် ခရီးသွားတွေအနေနဲ့ မတော်တဆမှုတွေလည်း ခဏခဏဖြစ်တတ်ပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိတတ်တာကြောင့်ဒီလိုကမ်းခြေတွေမှာ ကမ်းခြေစောင့် သက်စောင့် (Lifeguard) အဖွဲ့ဝင်တွေထားပေးရပါတယ်။ဒီစီးရီးကတော့ ဒီသက်စောင့်တွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့စီးရီးဖြစ်ပါတယ်။ပင်လယ်ပြင်ရဲ့ မာယာများတဲ့ အန္တရာယ်တွေကြားက သူတို့တွေရဲ့ဘဝတွေ၊ အလုပ်လုပ်ပုံတွေနဲ့ လူ့အသက်ကိုစွန့်စားကယ်တင်ကြပုံတွေကို စိတ်ဝင်စားစရာ ရိုက်ကူးတင်ပြထားတာပါအပူပိုင်းဒေသရဲ့အငွေ့အသက်တွေနဲ့ ပင်လယ်ပြင်က Lifeguard ဒရာမာဇာတ်လမ်းတွေကို နှစ်သက်ရင်တော့ စမ်းကြည့်သင့်တဲ့ဇာတ်လမ်းတစ်ခုပါပဲ။