လျှို့ဝှက်ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုမှာ ချစ်ရတဲ့မိန်းကလေးကိုဆုံးရှုံးခဲ့ရတဲ့ ဆရာဝန်ဖြစ်သူ ချာဂျောင်းအူ ..အဲဒီဖြစ်ရပ်အပြီးမှာတော့ ချာဂျောင်းအူဟာ သာမန်အရေးပေါ်ခန်းမှာ တာဝန်ထမ်းဆောင်တဲ့ဆရာဝန်အဖြစ်ကနေ…အလှအပရေးရာခွဲစိတ်ဆရာဝန်ဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ သူ့ရဲ့ထူးချွန်လှတဲ့…ခန္ဓာဗေဒဆိုင်ရာအသိပညာရယ် ကျွမ်းကျင်လှတဲ့လက်ချောင်းတွေရယ်ကြောင့် “နတ်ဘုရားလက်” ဆိုပြီး…သတင်းမွှေးလာပါတော့တယ်။ အရာရာပြည့်စုံနေတဲ့ ချာဂျောင်းအူရဲ့ အားနည်းချက်တစ်ခုကတော့…လူနာတွေနဲ့စိတ်ခံစားချက်ချင်းဆက်သွယ်ရာမှာ အခက်အခဲရှိတဲ့အပြင် သူတို့ရဲ့ကိုယ်ရေးကိုယ်တာအခက်အခဲတွေကိုပါလျစ်လျူရှုပြီးနေတတ်တာပါပဲ။ အဲဒီလိုနဲ့တစ်နေ့မှာ သူ့ဘက်ကခွဲစိတ်ပေးဖို့ငြင်းလိုက်တဲ့ လူနာတစ်ယောက်က…သတ်သေတဲ့အထိဖြစ်သွားပြီး အဲဒီလူနာချန်ခဲ့တဲ့ သူ့ကိုအပြစ်ဖို့ထားတဲ့သေတမ်းစာကြောင့် …သူ့ရဲ့ဂုဏ်သတင်းဟာ ကျဆင်းသထက် ကျဆင်းသွားပါတော့တယ်။ တစ်ဖက်မှာလည်း အကြမ်းဖက်ရာဇဝတ်မှုဌာနမှာ…အလုပ်လုပ်ကိုင်နေတဲ့ စုံထောက် အီမင်ဟျောင်းဟာဆိုရင်…အကြောက်အလန့်မရှိ ယုံကြည်ချက်အပြည့်နဲ့…ရာဇဝတ်သားတွေကို ရေဆုံးမြေဆုံးလိုက်ဖမ်းတတ်သူဖြစ်ပြီး နစ်နာသူတွေကို စာနာထောက်ထားတတ်တဲ့သူတစ်ယောက်ပါ။ဒီလိုနဲ့တစ်နေ့မှာ ရာဇဝတ်မှုတွေရဲ့နစ်နာသူတွေကို ပံ့ပိုးကူညီရာမှာလုပ်အားပေးလုပ်နေတဲ့ ချာဂျောင်းအူနဲ့…မမျှော်လင့်ဘဲဆုံတွေ့ရာကနေ ချာဂျောင်းအူရဲ့လူနာဟောင်းသေဆုံးရတဲ့ နောက်ကွယ်ကအမှန်တရားကို…ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ နှစ်ယောက်သား ဒီလူသေမှုရဲ့နောက်ကွယ်ကအမှန်တရားကို ဖော်ထုတ်သွားနိုင်ပါ့မလား ..ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို အပတ်စဥ် ဗုဒ္ဓဟူး နဲ့ ကြာသပတေးနေ့တွေမှာ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။