The Raven Does Not Choose烏は主を選ばない FHD

The Raven Does Not Choose烏は主を選ばない

ဒီ Anime လေးက ပြောရမယ်ဆိုရင်တော့ စာနည်းနည်းရှည်မယ်လို့ကြိုတင်စကားပလ္လင်ခံထားချင်ပါတယ်။ဘာလို့လဲဆိုတော့ အဲဒါမှလည်း ကြည့်မယ့်လူတွေအတွက် ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်စေမယ်လို့ ထင်လို့ပါ။ဒီစီးရီးလေးက သာမန် Anime လေးတွေနဲ့ မတူပဲ ထူးဆန်းတဲ့ဒဏ္ဍာရီလာအကြောင်းအရာနဲ့ Game of Throne အသေးစားစတိုင်လိုမျိုးနန်းတွင်းရေးရာ ထီးနန်းပုလ္လင် ကြံစည်မှုကိစ္စတွေကိုအိမ်တော်တွေများစွာရယ် ဇာတ်ကောင်များများနဲ့ တင်ဆက်ထားလို့ကျွန်တော်ကိုယ်တိုင် တော်တော်သဘောကျမိတဲ့ထဲမှာ ပါပါတယ်။ပထမဆုံး စပြောရမယ်ဆိုရင် သူတည်ဆောက်ထားတဲ့ကမ္ဘာအကြောင်း ရှင်းပြချင်ပါတယ်။ခေတ်ဦးအစကတည်းက တောင်နတ်ဘုရားတစ်ပါးဟာ ဒီနယ်မြေကို ရောက်ရှိလာပြီးသာယာဝပြောတဲ့အတွက် Yamauchi ဆိုပြီး နာမည်ပေးခဲ့တယ်။သူ့ကိုယ်စား အုပ်ချုပ်ဖို့ဆိုပြီး သူ့ကလေးငယ်တွေဖြစ်တဲ့Yatagarasu တွေကို တာဝန်ပေးခဲ့ပါတယ်၊ ဒီ Yatagarasu ဆိုတာသမန်းဝံပုလွေလိုမျိုး ဂျပန်ဒဏ္ဍာရီမှာတော့ ခြေ ၃ ချောင်းပါတဲ့လူပုံစံပြောင်းလို့ရတဲ့ သမန်းကျီးနက်တွေကို ဆိုလိုချင်တာပါ။ဒါပေမဲ့ ဒီကလေးတွေထဲမှာကို ရွှေရောင်ကျီးနက်ဆိုတဲ့ အဆင့်အမြင့်ဆုံးကသူတို့ကိုယ်သူတို့ Kin’u ဆိုတဲ့ ဘွဲ့သမုတ်ပြီး ဗဟိုချက်ချာနေရာမှာနေတယ်။ကျန်တဲ့ ၄ ကောင်ကိုလည်း အရှေ့၊အနောက်၊တောင်၊မြောက်ဆိုပြီးအရပ်လေးမျက်နှာကို ခွဲဝေပေးပြီး အုပ်ချုပ်စေတယ်။အဲဒီမှာ အိမ်တော်ကြီး ၄ ခု ပြည်နယ်ကြီး ၄ ခု ဖြစ်လာခဲ့ပြီးသူတို့အားလုံး ဒီ Yamauchi ကိုကျ Kin’u ဆိုတဲ့ရွှေရောင်ကျီးနက်က အဓိကအာဏာရှိ အုပ်ချုပ်သူတစ်ပါးပေါ့။ဒုတိယအနေနဲ့ အပေါ်မှာရှင်းပြခဲ့သလိုမျိုး အုပ်ချုပ်နေထိုင်ခဲ့ကြရာကနေAnime ဇာတ်လမ်းတည်ထားတဲ့ခေတ်ရောက်လာပါပြီ။လက်ရှိ Kin’u ရယ် ဘုရင်မဖြစ်သူမှာ သားတော်နှစ်ပါး ရှိပါတယ်။ပထမသားတော်က ဉာဏ်ပညာကြီးမားပြီး ဒုတိယသားတော်ကအရူးတစ်ယောက်လို့ နာမည်ကျော်ကြားတဲ့လူပါ။နောက်ပြီး ဒုတိယသားတော်ဆိုတာ ကိုယ်လုပ်တော်ကနေ ရထားတာပါ။အိမ်ရှေ့စံဘွဲ့ ပေးရမယ်ဆိုရင် ရိုးရာအစဉ်အလာအရ သားကြီးကိုပေးရမှာ ဖြစ်ပေမဲ့လည်း နတ်ဆရာနဲ့ ရှေ့က Kin’u ကိုယ်တိုင်ကဒုတိယသားတော်ကို ပေးခဲ့တဲ့အတွက် သားကြီးဖြစ်သူကဘုရားကျောင်းမှာ ဘုန်းကြီးဖြစ်ပြီး အရူးဆိုပြီး နာမည်ကြီးတဲ့သားတော်က အိမ်ရှေ့စံ ဖြစ်လာပါတယ်။အဲဒီမှာပဲ အိမ်ရှေ့စံအတွက် ကြင်ရာတော်ရှာတဲ့ အခမ်းအနားတစ်ခု ရှိပါတယ်။အရပ်လေးမျက်နှာက အိမ်တော်ကြီးတွေကနေ အထက်မြက်ဆုံးသမီးကညာပျိုတွေကို ရံရွှေတော်တွေနဲ့ စေလွှတ်ပြီးကိုယ်စီကိုယ်စီ အစွမ်းပြပြီး အိမ်ရှေ့မင်းသားရဲ့ ကြင်ရာတော်ဖြစ်ဖို့ ကြိုးစားကြရတာပါ။အဲဒီမှာ ဇာတ်တည်ထားတာ တစ်ပိုင်းပေါ့လေ။နောက်ပြီးတော့ မြောက်ပိုင်းအိမ်တော် လက်အောက်ခံရွာသူကြီးတစ်ယောက်ရဲ့ ဒုတိယသား Yukiya ဆိုတာကအင်မတန် ပြဿနာရှာတတ်ပေမဲ့ စိတ်ထားကောင်းတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်။သူ့မှာလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ အတိတ်တစ်ခုတော့ ရှိနေသူပေါ့။ဒီလိုနဲ့ အရူးအိမ်ရှေ့မင်းသားဆီမှာ အမှုထမ်းဖို့ စေလွှတ်တဲ့အခြွေအရံတွေက ဘာကြောင့်မှန်းမသိ တစ်လတောင်မခံပဲအကုန်ပြန်ပြေးနေကြလို့ လတ်တလော ပြဿနာရှာတဲ့ukiya တစ်ယောက်ကို အိမ်ရှေ့မင်းသားဆီ တစ်နှစ်အမှုတော်ထမ်းရမယ် မဟုတ်ရင် ဘုန်းကြီးကျောင်းပို့မယ်ဆိုပြီးပို့လိုက်ကြရာကနေ ဒီ ဇာတ်လမ်းကြီး ဖြစ်ပေါ်လာတာပါပဲဗျာ။အရူးဆိုပြီး အိမ်ရှေ့စံမင်းသားက တကယ်တမ်းသရုပ်မှန်ဘယ်လိုဖြစ်နေမလဲ၊ ပထမသားတော်ထီးနန်းမရလို့ မကျေနပ်နိုင်တဲ့ ဘုရင်မကြီးနဲ့အိမ်တော်အဖွဲ့တွေက ဘယ်လိုဘယ်ပုံစံတွေနဲ့ပုန်ကန်ဖို့ ကြံစည်ကြမလဲ၊ အူကြောင်ကြောင်နဲ့ နန်းတွင်းအရှုပ်တော်ပုံကြားရောက်သွားတဲ့ Yukiya ကရော ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာမလဲ၊ အိမ်တော် ၄ ခုက သခင်မလေး ၄ ယောက်ကလည်းအိမ်ရှေ့စံမင်းသားရဲ့ အချစ်ရဖို့ ပုံစံမတူ ကွဲပြားခြားနားတဲ့အရည်အချင်းတွေနဲ့ ဘယ်လိုချည်းကပ်ကြမလဲ၊ လူတွေလက်ဆင့်ကမ်းလာကြတဲ့ဒဏ္ဍာရီဟောစာတမ်းတွေကရော ဘာလဲဆိုပြီးစသဖြင့် လျှို့ဝှက်ချက် မြုပ်ကွက်များစွာနဲ့ ဇာတ်လမ်းကိုတစ်စတစ်စ တည်ဆောက်ပုံဖော်ပြီးအရှိန်တက်သွားတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ကဲ ဒီလောက်ဆို ပြောချင်တာတွေကျန်နေသေးပေမဲ့လည်းကြည့်ဖို့အတွက် လုံလောက်ပြီလို့ ထင်ပါတယ်။စာရှည်သွားတဲ့အတွက်လည်း တောင်းပန်ပါတယ်ဗျ။ပြီးတော့ Season 1 မှာ အပိုင်း ၂၀ တောင်ပါဝင်တဲ့အတွက်အားရပါးရ ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။