Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ တမီးလ်ဟာသဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။အဓိကဇာတ်ဆောင်အနေနဲ့ကတော့ တမီးလ်ဟာသမင်းသားကြီး ယိုဂီဘာဘူပဲဖြစ်ပါတယ်။တမီးလ်ရုပ်ရှင်အများစုမှာတွေ့ရတတ်ပြီး ခပ်ပေါပေါဇာတ်ကောင်နဲ့ ယိုဂီဘာဘူကြီးကို ဒီဇာတ်လမ်းတွဲထဲမှာတော့ပြောင်မြောက်တဲ့ဟာသတွေနဲ့ ရယ်မောပျော်ရွှင်ဖွယ်ရာ မြင်တွေ့ကြရမှာပါ။အာမူဒါစားသောက်ဆိုင်”ဆိုတာ အိုတီမြို့မှာတော့ အောင်မြင်ကျော်ကြားတဲ့ဆိုင်တစ်ဆိုင်ပေါ့။ဆိုင်ရှင်ဦးလေးကြီးတို့မိသားစုတစ်ခုလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ဆိုင်လေးကို ကြိုးစားလုပ်ကိုင်ကြပါတယ်။ဆိုင်က စားပွဲအားမရှိတဲ့ထိ လက်မလည်အောင်ရောင်းကောင်းတာကြောင့် ငွေကြေးဥစ္စာပြည့်စုံပြီးမိသားစုစုံလင်ပေမဲ့ ဆိုင်ရှင်ဦးလေးကြီးက ပန်ကရိယကင်ဆာနောက်ဆုံးအဆင့်ကိုခံစားနေရတယ်။မိသားစုဆရာဝန်က လက်လျှော့လိုက်ဖို့ပြောပြီး အေးအေးချမ်းချမ်းနဲ့ နောက်ဆုံးခရီးကိုစောင့်မျှော်ဖို့ပဲအကြံပြုပါတယ်။သေအံ့နီးဆဲဆဲတစ်ညမှာတော့ သားဖြစ်သူကာသီကိုခေါ်ပြီးသူ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့တောင်းဆိုပါတယ်။ဘာလဲဆိုတော့ သူ့အရင်အတိတ်က လက်မထပ်ဘဲအတူနေခဲ့တဲ့အမျိုးသမီးနဲ့ ရခဲ့တဲ့သားတစ်ယောက်ရှိတာကိုမကြာခင်ကမှ သိခဲ့ရပြီး သူ့နောက်ဆုံးအချိန်မှာ အဲဒီသားဖြစ်သူကိုတွေ့ဖို့ ဒီမိသားစုနဲ့တစ်သိုက်တစ်ဝန်းထဲရှိကျန်ခဲ့ဖို့ပါပဲ။ကာသီတစ်ယောက် အစ်ကိုကြီးကိုရှာဖို့ ချန်နိုင်းတစ်ခွင်လိုက်ရှာခဲ့ပြီးအဲဒီမှာပဲ သူ့ဆိုင်နဲ့သူအောင်မြင်နေတဲ့ အဖေတူအမေကွဲအစ်ကိုကြီးဖြစ်သူ ဆရာကြီးဘာဘူကို တွေ့လိုက်ရပါတော့တယ်။အဲဒီကနေစလို့ လုံး၀မလိုက်ဘူးငြင်းဆန်တဲ့ ဘာဘူကို ဖခင်ဆီပေးထားတဲ့ကတိအတိုင်း အိုတီကိုလိုက်ခဲ့ဖို့အရေး မရမကကြိုးစားရင်းအလွဲတွေကြုံကြတာကို ခံစားကြည့်ရှုရယ်မောပြုံးရွှင်ကြရမှာပါ။