ဒီဇာတ်ကားကို World on Fire Series (2019)၊Little mermaid (2023) လူသိများလာခဲ့တဲ့ သရုပ်ဆောင်ကောင်းမင်းသားချော Jonah Hauer-King ခေါင်းဆောင်ပြီးရိုက်ကူးထားတာပါ။၂၀၂၄ မေ ၂ ကမှ စတင် ထွက်ရှိထားပြီး IMDB နဲ့ RottenTomatoes တို့မှာ review ကောင်း များစွာ ရထားတဲ့အပိုင်း (၆) ပိုင်းပါ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံမှာ ဂျာမန်နာဇီတွေကြီးစိုးနေစဉ်အခါက အက်ရှ်ဝဇ်မှာ ဂျူးလူမျိုးတွေကိုချွေးတပ်စခန်းတွေဖွင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့အချိန်ကိုနောက်ခံထား ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဂျူးမိသားစုတွေ တစ်အိမ်ထောင်ကို တစ်ယောက် အလုပ်စခန်းတွေ သွားရမယ်ဆိုပြီး အမိန့်စာကျလာချိန်မှာ အစ်ကိုနဲ့အဖေကို မသွားစေချင်ခဲ့တဲ့ လာလီတစ်ယောက် သူကိုယ်တိုင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရထားပေါ်ကနေ ဆင်းပြီးချိန်ကစ သူ့အတွက် လူ့ငရဲကို စပြီးနဖူးတွေ့ ဒူးတွေ့ ကြုံဆုံခဲ့ရပါတော့တယ်။ အလုပ်တွေ ပင်ပန်းကြီးစွာလုပ်ပေးရပြီး မဝရေစာစား စားရတဲ့ ဂျူးတွေဟာ ရောဂါတွေဖြစ်ပြီးသောက်သောက်လဲ သေခဲ့ကြတာပါ။တိုက်ဖွိုက်ရောဂါနဲ့ သေကောင်းပေါင်းလဲဖြစ်တဲ့အထိ ခံစားခဲ့ရတဲ့လာလီတစ်ယောက် သူပြန်သက်သာလာချိန်မှာ အသက်ဆက်ရှင်သန်ဖို့အတွက် ရွေးချယ်ခဲ့ရတဲ့ အလုပ်က ဒီ အက်ရှ်ဝဇ် ချွေးတပ်စခန်းမှာဂျူးအကျဉ်းသားတွေရဲ့ လက်မောင်းမှာ အကျဉ်းသားအမှတ်တက်တူးထိုးပေးခဲ့ရတာပါ။အသက်မသေဘဲ လွတ်မြောက်လာခဲ့ပေမယ့် အရိပ်လိုခြောက်လှန့်နေတဲ့ စိတ်ဒဏ်ရာတွေ၊ အပြစ်မကင်း ရှက်ရွံ့ခံစားရမှုတွေနဲ့ လာလီတစ်ယောက် သူမြင်တွေ့ ကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေကိုအတိတ်ကို ပြန်ပြောင်း ပြောပြတဲ့ ပုံစံမျိုး ရိုက်ကူးတင်ဆက်ထားပါတယ်။