ဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့မလေးယာလမ်ကား Adi Kappiyare Kootamaniကို မှီငြမ်းထားတဲ့Abbabbaကားကို တင်ဆက်ပေးလိုက်ပါတယ်။အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကိုမေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ်ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင်ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစားစကားဝိုင်းကို ကြားသွားတဲ့ အာကီလာကကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကိုငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ…….ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကိုတက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။