Godzilla Minus One HD

Godzilla Minus One

Action Horror Science Fiction HD 2023-11-03 7.886 125 Min

ဂေါ်ဇီလာရဲ့ မူလဂျပန်နာမည်ကတော့ ဂေါ်ဂျီရာဖြစ်ပြီး ဂေါ်ရီလာ (ဂျပန်သံ ဂေါ်ရီရာ) နဲ့ ဝေလငါး ကူဂျီရာတို့ကို ပေါင်းခေါ်ထားတာပါ။ ဂေါ်ဇီလာဆိုတာ သမိုင်းမတင်ခင် လက်ကျန် တွားသွားသတ္တဝါမျိုးနွယ် အနေနဲ့ ပင်လယ်ကြမ်းပြင်အောက်မှာ ရှိနေခဲ့တဲ့ သတ္တဝါကြီးပါ။ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် သူ့အသိုက်နဲ့ ဆွေမျိုးတွေ ပျက်စီးသွားပြီးနောက် ဒေါသတကြီးနဲ့ ကုန်းမြေပေါ်ကို တက်လာတာလည်းဖြစ်ပါတယ်။ သူ့လမ်းကြောင်းမှာရှိတဲ့အရာတိုင်းကို ဖျက်ဆီးပစ်ပြီး အဏုမြူဓာတ်ရောင်ခြည်တွေကိုလည်း စုပ်ယူနိုင် ပြန်သုံးနိုင်ပါတယ်။ ဂေါ်ဇီလာရဲ့ ဇစ်မြစ်ဟာ အဏုမြူဆန့်ကျင်ရေး သင်္ကေတအတွက် ရည်စူးပြီး စတင်ခဲ့တာပါပဲ။ ဟောလိဝုရုပ်ရှင်တွေမှာဂေါ်ဇီလာကို သတ္တဝါဆိုးကြီးအနေနဲ့ပဲ ပုံဖော်တာမျိုးပေမဲ့ ဂျပန်တွေမှာတော့ ဂေါ်ဇီလာဟာ သတ္တဝါကြီးတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းအနေနဲ့ ပုံဖော်ခံရတာများပါတယ်။နတ်ဘုရားဆိုပေမဲ့ ဒေါသကြီးပြီး ဖျက်ဆီးတတ်တဲ့ နတ်ဘုရားမျိုးကို ပုံဖော်ထားတာပါ။1954 ပထမဆုံးဂေါ်ဇီလာရုပ်ရှင်ကို ရုံတင်ချိန်မှာ လာကြည့်ကြတဲ့ ဂျပန်နိုင်ငံသားတွေမျက်ရည်တွေနဲ့ ထွက်လာခဲ့ကြတယ်ဆိုရင် အခြားနိုင်ငံသားတွေနားလည်နိုင်မှာမဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အဆုံးမှာ အနုပညာရှင်တွေ နဲ့ နိုင်ငံရေးသမားတွေဟာ အဏုမြူဗုံးကိစ္စကို ပေါ်တင်ဆွေးနွေးခွင့် ရှုံ့ချခွင့်မရကြပါဘူး။ ဒါကြောင့်ပဲ ဟီရိုးရှီးမားနဲ့နာဂါဆာကီတို့ရဲ့ အဖြစ်ဆိုးကို ဂေါ်ဇီလာနဲ့ တင်စားပြခဲ့တာပါ။ ဂေါ်ဇီလာရဲ့ ကျောက ဆူးတောင်တွေဟာ အဏုမြူဗုံးဒဏ်ရာကြောင့် အမာရွတ်ကြီးတွေဖြစ်လာတာဖြစ်ပြီး ဂျပန်တွေရဲ့ရင်ထဲက အမာရွတ်ကြီးကို ပုံဆိုးပန်းဆိုးတမင်လုပ်ပြီး ဖော်ပြထားတာပါ။ ဟောလိဝုရုပ်ရှင်အချို့ဟာ ဒီဆူးတောင်တွေကို လှအောင်တောင် ပြင်လိုက်ပါသေးတယ်။ဒီဇာတ်လမ်းဟာလည်း ဒုတိယကမ္ဘာစစ်ပြီးကာစ လေကြောင်းတိုက်ပွဲတွေကြောင့် ပြန်နာလံထူနေစ ဂျပန်နိုင်ငံ ဂေါ်ဇီလာတိုက်ခိုက်ခံရတာနဲ့ အစပြုခဲတာပါ။ စစ်အပြီးသုညအချိန်မှာဂေါ်ဇီလာတိုက်ခိုက်မှုဟာ သုညမှ အနုတ်သို့လို့ ဆိုလိုပြီး Minus One ဆိုတဲ့နာမည်ကိုပြန်သုံးခဲ့တာပါ။ ဒီရုပ်ရှင်ဟာ မူလဂေါ်ဇီလာ စတင်တိုက်ခိုက်တဲ့ အိုဒိုကျွန်းကနေပဲ စတင်ထားပြီး၊ စစ်အပြီးလက်နက်တွေဖြုတ်သိမ်းနေချိန် ပြန်အပ်နေချိန်မှာ ရှိမဲ့စုမဲ့ အင်အားလေးနဲ့ဂေါ်ဇီလာကို ရန်ဆိုင်ကြပုံတွေကို ပြသထားတာဖြစ်ပါတယ်။ ဒါကြောင့် ခုနှစ်ပိုင်းမှာ လူတွေကြည့်ထားတဲ့ နောက်ဆုံးပေါ် Monsterverse က တိုက်ပွဲအကြမ်းတွေကို မြင်ရမှာမဟုတ်ပါဘူး။ လေယာဉ်နောက်မြီးတောင်ပံလေးထပ်တပ်နိုင်တာကိုတောင် တအံ့တဩဖြစ်ရတဲ့လေယာဉ်စက်ပြင်ဆရာတွေ၊ ခုန်ထွက်ခလုတ်ဆိုတာဘာမှန်းမသိတဲ့ပိုင်းလော့တွေကိုပဲ မြင်ရမှာပါ။ ဒီတော့ ကိုယ်တွေရဲ့ ကလေးဘဝတွေကို အလွှမ်းမိုးဆုံးဇာတ်ကောင်တွေထဲက တစ်ခုဖြစ်တဲ့ ဂေါ်ဇီလာရဲ့ အမှတ်တရရုပ်ရှင်အဖြစ် ခံစားကြည့်လိုက်ကြပါဦး။