ပထမဇာတ်ကားအပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံးပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်ပြီးနောက်မှာတော့ Luc ဟာ အစိုးရနဲ့ပူးပေါင်းပြီး ဒေါက်တာ Cotner နဲ့အတူ UniSol စီမံကိန်းမှာပါဝင်ဆောင်ရွက်နေခဲ့ပါတယ်။ Universal Soldiers တွေဟာ အရင်ကထက် အဆင့်မြင့်လာပြီး ပိုမိုသန်မာမြန်ဆန်လာပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို ဒေါက်တာ Cotner တည်ဆောက်ထားတဲ့ SETH လို့ခေါ်တဲ့ ဉာဏ်ရည်မြင့်ကွန်ပျူတာက ထိန်းချုပ်စောင့်ကြည့်နေပါတယ်။ တနေ့မှာအစိုးရက UniSol စီမံကိန်းကိုဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ SETH က သူ့ရဲ့တည်ရှိမှုကိုခြိမ်းခြောက်တယ်လို့ယူဆပြီး အစိုးရကိုဆန့်ကျင်ကာ Luc တို့ဝန်ထမ်းတွေကိုပါ ရန်မူလာပါတော့တယ်။ စွမ်းရည်မြင့် Universal Soldiers တွေကိုထိန်းချုပ်အမိန့်ပေးနိုင်တဲ့ SETH ရဲ့အကြံကို Luc နဲ့ အမေရိကန်စစ်တပ်တို့ ဘယ်လိုတားဆီးကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။90s ခုနှစ်တွေက အများအပြားထွက်လေ့ရှိတဲ့ Action/Sci-fi အမျိုးအစားဖြစ်တာကြောင့် ဇာတ်အိမ်မကျယ်ပြန့်ပေမဲ့ ဗန်ဒိန်းရဲ့ အက်ရှင် scene တွေကို တဝကြီးမြင်ရမှာဖြစ်သလို Universal Soldier တွေကလည်း 1992 ကထက် အများကြီးကြမ်းတမ်းလာတာကိုတွေ့မြင်ရမှာပါ။ သမားရိုးကျအက်ရှင်ကားဖြစ်တာကြောင့် ဇာတ်လမ်းက ပုံမှန်အတိုင်းမြင်နေကျဇာတ်လမ်းမျိုးဆိုပေမဲ့ အက်ရှင်ဇာတ်လမ်းပရိသတ်တွေအတွက်တော့ အချိန်ပေးကြည့်ရှုလို့ကောင်းမဲ့ရုပ်ရှင်ဖြစ်ပါတယ်။