ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Aki Kaurismäki ဟာ နာမည်ကျော်ဖင်လန် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဖင်လန်ရဲ့နာမည်အကျော်ဆုံး ဒါရိုက်တာလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့ ကားအများစုကကိန်းမှာဆုအသီးသီးရခဲ့ပြီး အော်စကာဆန်ခါတင်ဝင်ဖူးတာတွေလည်းရှိတယ်။ Fallen Leaves လည်း လက်ရှိမှာ Shortlist ထဲတော့ ဝင်ထားတာပါပဲ။ ပြီးတော့ နောက် တစ်ချက်ရှိတာက ဒီရုပ်ရှင်ကသီချင်းတွေက တော်တော်လေးကောင်းတယ်။ Autumn Leaves ခေါ် Fallen Leaves လို ၁၉၄၅ကတည်းက သီချင်းကအစ မျက်မှောက်ခေတ် ဖင်လန်ပေါ့ဂီတအဖွဲ့ဖြစ်တဲ့ Maustetytöt ရဲ့၂၀၂၀ကထွက်ခဲ့တဲ့ Syntynyt suruun ja puettu pettymyksin အဆုံး သုံးထားတယ်။ ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Fallen Leaves ကတော့ တော်တော်သမိုင်းကြီးတဲ့သီချင်းလို့ပြောရမယ်။ NatKing Cole တို့၊ Frank Sinatra တို့လို ဂီတသမိုင်းရဲ့ အကျော်အမော်တွေပါ ဆိုဖူးတဲ့သီချင်းပဲ။ ဂျတ်ဇ်ဂီတပညာရှင်တွေကတော့ အမေရိကန်ကထွက်တာမဟုတ်တဲ့ထဲဂျတ်ဇ်သမိုင်းရဲ့အရေးအပါဆုံးသီချင်းလို့ သမုတ်ကြတယ်။ မိန်းစထွင်းနဲ့ မော်ဒန်ဂျတ်ဇ်သမားတွေချည်း အကြိမ်ပေါင်း ၁၄၀၀လည်း အသံသွင်းဖူးသလို ဂျတ်ဇ်ဂီတရဲ့ ပြန်ဆိုသူအများဆုံးသီချင်းလည်းဟုတ်နေတယ်။ Syntynyt suruun ja puettu pettymyksin ကတော့ နားထောင်ရတာ တော်တော်လေး နားဝင်လွယ်သလို သူတို့ခေတ် သူတို့နိုင်ငံရဲ့ အခြေအနေကိုလည်း ထင်ဟပ်နေသလိုခံစားရတယ်။ Fallen Leaves ကို Aki Kaurismäki ဟာ မျက်မှောက်ခတ်မှာပဲ အခြေတည်ထားသလို ရုံမှာ သူတို့သွားကြည့်ကြတဲ့ကားကလည်း The Dead Don’t Die ဖြစ်နေပေမဲ့သုံးထားတဲ့အရောင်တွေက အဟောင်းဆန်နေသလို ရုပ်ရှင်ပိုစတာတွေကလည်း အဟောင်းတွေပါပဲ။ ဂိုးဒတ်တို့ ဘာတို့အကြောင်းတောင် ကောက်ပြောလိုက်ကြသေးတယ်။ ဘာကြောင့်လဲတော့ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်ပေါ့။Fallen Leaves ဟာ ဘယ်လိုရုပ်ရှင်လဲဆိုတော့ ဆိုခဲ့သလို ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့လည်း နှောင်ကြိုးကလွဲ ဘာမှမပိုင်ဆိုင်နိုင်တဲ့ သူတို့ရဲ့ဘဝမှာတော့ ဒီဇာတ်လမ်းဟာ ကြီးကျယ်ခမ်းနားနေမှာပါပဲ။Fallen Leaves ထဲက အချစ်ဇာတ်ဟာသစ်ရွက်ကြွေတို့ရဲ့အတိတ်တစ်ခုပေါ့။ မျက်လုံးကိုမှိတ်ပြီးနားထောင်ကြည့်ရင်တော့ တိတ်ဆိတ်လွန်းတဲ့ သစ်ရွက်ကြွေသံကို ခင်ဗျားကောင်းကောင်းကြားရမှာပဲ။ ဒီရုပ်ရှင်ဟာအဲဒီသစ်ရွက်အသေတွေအကြောင်းပေါ့။ ဒါဟာ… မလှပခြင်းနဲ့ လှပနေတဲ့၊ လှပခြင်းနဲ့ မလှပနေတဲ့ သစ်ရွက်အသေတို့ရဲ့ ဂီတ။