ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါမိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ကြေးနည်းသရုပ်ဆောင်လုပ်ရင်းရုန်းကန်နေပါတယ်။တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။အစ်မဖြစ်သူနိုရာမှာလည်းအမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာကညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေသူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ထူးဆန်းတဲ့သေတမ်းစာကရော ဘယ်လိုတွေဆက်စခန်းသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်တစား ဆက်လက်ရှုစားကြဖို့တိုက်တွန်းလိုက်ပါတယ်။ ရာနှုန်းပြည့်စုံထောက်ကားတစ်ခုလို ဇာတ်မလေးဘဲပေါ့ပေါ့ပါးပါးကြည့်ရှုလိုတဲ့ပရိသတ်တွေအတွက် အဆင်ပြေမယ့်ဇာတ်ကားဖြစ်ပါတယ်။ crime drama ဖြစ်တဲ့အတိုင်းဇာတ်ရဲ့မြှပ်ကွက်တွေ၊ ကျောရိုးတွေကို အရသာမပျက်ယွင်းစေဘဲညီအစ်မသံယောဇဥ်တရားအကြောင်းကိုလည်း ဇာတ်ကားနာမည်နဲ့လိုက်အောင် အထိုက်အလျောက်ထည့်သွင်းဖော်ညွှန်းထားပါတယ်။