အာဒံနဲ့ ဧဝတို့ကို ဖန်ဆင်းတဲ့အချိန်မှာ ဘုရားသခင်က ဧဒင်ဥယျာဉ်ရဲ့ အလယ်မှာရှိတဲ့အပင် (အသက်ပင်) ပေါ်က အသီးကလွဲပြီးကျန်တာကို မှန်သမျှစားလို့ရတယ်လို့ ပညတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧဝဟာမြွေအသွင်ဆောင်ထားတဲ့စာတန်ရဲ့ သွေးဆောင်မှုကြောင့် အသီးကိုစားမိသွားပြီး ခင်ပွန်းကိုပါ စားစေခဲ့ပါတယ်။ ဒီလိုနဲ့ အာဒံနဲ့ဧဝတို့ရဲ့ ပထမဆုံးသောအပြစ်ကို ဘုရားကသိသွားတဲ့အခါမှာ လူယောက်ျားကိုမြေပေါ်မှာဖြစ်သမျှ အသီး (အစာရေစာ) မှန်သမျှကို တစ်သက်လုံးပင်ပန်းစာရှာစားရမယ်၊ လူမိန်းမကို ကိုယ်ဝန်ဆောင်ခြင်းဝေဒနာနဲ့ သားဖွားခြင်းဝေဒနာကို ခံစားပြီး ကိုယ်ခင်ပွန်းရဲ့အုပ်စိုးခြင်းကိုလည်းခံရမယ်ဆိုပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်ဟာ အာဒံနဲ့ဧဝတို့ကို ဧဒင်ဥယျာဉ်ထဲကနေ နှင်ထုတ်လိုက်ပြီး အာဒံနဲ့ဧဝတို့ကနေ ဆင်းသက်လာတဲ့ယောက်ျားမိန်းမမှန်သမျှဟာ ခုနက ဘုရားသခင်ကျိန်ခဲ့တဲ့ ဒဏ်ကိုလူမျိုးအဆက်ဆက်ခံစားလာကြရပါတယ်။ဒီဇာတ်ကားကတော့ သမ္မာကျမ်းစာထဲက အာဒံနဲ့ ဧဝတို့ရဲ့ တတိယသား ရှေသရဲ့ ၁၀ဆက်မြောက်မျိုးဆက် နောဧအကြောင်းကို အဓိကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာအရ အာဒံကအသက် ၁၃၀ အရွယ်မှာ ရှေသကိုမမွေးခင် ကာဣနနဲ့အာဗေလဆိုပြီးသားနှစ်ယောက်ကိုမွေးခဲ့ပါတယ်။ ဒါပေမဲ့ အာဒံရဲ့သားဦးကာဣနက သူ့ညီအာဗေလကို မနာလိုတဲ့အတွက်ကြောင့် သတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဘုရားရဲ့ကျိန်ခြင်းကိုခံရပြီးဧဒင်ဥယျာဉ်ထဲကထွက်ပြီး အရှေ့အရပ် နောဒပြည်မှာသွားနေခဲ့ပါတယ်။ဒီလိုနဲ့ပဲ ကာလအတန်ကြာပြီး နောဧရဲ့ ခေတ်ကိုရောက်လာတဲ့အခါမှာ ကာဣနမျိုးနွယ်ကနေ ဆင်းသက်လာတဲ့လူတွေရဲ့အပြစ်တွေကြောင့် ကမ္ဘာကြီးဟာ ဘုရားသခင်ရွံရှာရလောက်တဲ့အထိ အဓမ္မမှုတွေနဲ့ ပြည့်နှက်နေလောက်အောင် ပျက်စီးဆုတ်ယုတ်နေခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကမ္ဘာကို “ရေလွှမ်းမိုးခြင်း”အားဖြင့် ဆေးကြောသန့်စင်ပစ်ဖို့အတွက်ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားစကားကိုနားထောင်ပြီး ဘုရားရဲ့နှစ်သက်ခြင်းကိုခံရတဲ့ ရှေသမျိုးဆက် နောဧနဲ့ သူ့အိမ်ထောင်မိသားစု၊ လူတွေရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ သားရဲတိရစ္ဆာန်တွေကိုတော့ ရေလွှမ်းမိုးခြင်းအပြီးမှာ ကမ္ဘာကြီးသန့်စင်သွားတဲ့အခါမှာ ဘဝကိုတဖန်အသစ်ပြန်လည်ထူထောင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီအတွက်ဘုရားသခင်က လာမက်ကိုရူပါရုံအားဖြင့် အလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိတဲ့ ဂေါဖရသစ်သားကိုယ်ထည်၊ အပြင်ဘက်နံရံကို ထင်းရှူးစေးနဲ့သုတ်ပြီးအတွင်းခန်းတွေပါတဲ့ သင်္ဘောတစ်စီးကို ဆောက်လုပ်ခိုင်းခဲ့ပါတယ်။ ဆောက်လုပ်ပြီးတဲ့အခါမှာ နောဧတို့ရဲ့မိသားစုနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တိရစ္ဆာန်မှန်သမျှကို အထီးအမ တစ်စုံစီ တက်စေခဲ့ပါတယ်။ဒီ Noahဇာတ်ကားမှာ အဓိကသရုပ်ဖော်ချင်တာကတော့ လူတွေရဲ့ရက်စက်ယုတ်မာမှုကြောင့် ဘုရားသခင်ကကမ္ဘာကြီးကို ဆေးကြောပစ်ဖို့အတွက်လုပ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြီးအကြောင်းဖြစ်ပါတယ်။ ဒါပေမဲ့တချို့နေရာတွေမှာ Cinematic ဆန်အောင်ဆိုပြီး ဒါရိုက်တာ Darren Aronofsky က ကျမ်းစာကနေသွေဖယ်ပြီး လိုတိုးပိုလျှော့လေးတွေလုပ်ထားတာရှိပါတယ်။ ဒါကြောင့်မလို့ ကြည့်ရှုသူတွေအတွက်ဒီဇာတ်ကားထဲက အကြောင်းအရာမှန်သမျှက သမ္မာကျမ်းစာထဲကအကြောင်းတွေဖြစ်တယ်လို့ မမှတ်ယူဘဲ သုတရသမျိုးစုံပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကို သိထားစေချင်ပါတယ်။