ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Great Escaper ရုပ်ရှင်မှာမင်းသားကြီး Michael Caine က ဒုတိယကမ္ဘာစစ် D-Day မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ရေတပ်သားကြီး Bernard Jordan နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ဇာတ်ကားဟာအဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Michael Caine နဲ့မင်းသမီးကြီး Glenda Jackson တို့ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။မင်းသမီးကြီး Glenda Jackson ဟာ သူမရဲ့ဇာတ်ဝင်ခန်းများရိုက်ကူးပြီးကိုးလအကြာမှာ ကွယ်လွန်သွားခဲ့ပြီးမင်းသားကြီး Michael Caine ကတော့၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရိုက်ကူးရေးကနေအနားယူလိုက်ပြီဖြစ်ပါတယ်။ဇာတ်လမ်းအနှစ်ချုပ်ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတော်ဝင်ရေတပ်မှာအမှုထမ်းခဲ့တဲ့အသက် ၈၉ နှစ်အရွယ် စစ်ပြန်ကြီး Bernard Jordan ဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် (၇၀) ပြည့်အောက်မေ့ဖွယ်အခမ်းအနားကိုတက်ရောက်လိုတဲ့အတွက်သူနေထိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကနေခိုးထွက်လာခဲ့ပါတယ်။ အဘိုးအိုကြီးတစ်ယောက်တည်း အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီးပြင်သစ်နိုင်ငံကိုထွက်လာခဲ့တဲ့သတင်းဟာလူမှုကွန်ယက်နဲ့သတင်းဌာနတွေမှာနေ့ချင်းညချင်းနာမည်ကျော်သွားပေမယ့် သူဘယ်ရောက်နေတယ်ဆိုတာဘယ်သူမှမသိကြပါဘူး။အောက်မေ့ဘွယ်အခမ်းအနားတက်ရောက်ဖို့လာတာဆိုပေမယ့်စစ်မှုထမ်းဟောင်းကြီးမှာတခြားလုပ်စရာကိစ္စလေးတွေလည်းရှိနေသလို ကမ္ဘာစစ်ကြီးပြီးကတည်းကစိတ်အာရုံမှာ မကြာခဏခြောက်လှန့်နေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ဆန္ဒလည်းရှိပါသေးတယ်။ဒီလိုစွန့်စားခန်းဖွင့်နေချိန်မှာပဲ ဂေဟာမှာကျန်ခဲ့တဲ့ ဇနီးသည်ကျန်းမာရေးချွတ်ယွင်းလာတာကို မသိသေးတဲ့ စစ်မှုထမ်းဟောင်းကြီးဟာ သူလုပ်စရာရှိတာကိုသာသဲကြီးမဲကြီးအာရုံစိုက်နေရာကဘဝတူစစ်ပြန်ကြီး Arthur ရဲ့အကူအညီကြောင့်မမျှော်လင့်ထားတဲ့နေရာကို ရောက်ခဲ့ပါတော့တယ်။ ခရီးသွားဟန်လွဲဆုံရတဲ့ Arthur ရဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိမလဲ၊ Bernardသူရည်မှန်းထားတာတွေအားလုံးလုပ်နိုင်ပါ့မလား။ သူတွေ့ချင်တဲ့အရာတွေနဲ့တွေ့နိုင်ပါ့မလား၊ ကျန်ရစ်ခဲ့တဲ့ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပြန်ရောက်တဲ့အထိ အသက်ရှည်ပါ့မလားဆိုတာIMDB7.2, Rotten Tomato 79% ရထားတဲ့ The Great Escaper ရုပ်ရှင်ဇာတ်ကားနဲ့အတူစီးမျောရင်းခံစားသက်ဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။