ဒီဇာတ်ကားကတော့ ၂၀၂၃ အစောပိုင်းကထွက်ရှိထားတဲ့ “Sayen” ဆိုတဲ့ ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ ပထမဇာတ်ကားမှာတော့ ဆာယန်ရဲ့အဘွားသေဆုံးခဲ့ပုံနဲ့ သူ့ရဲ့လက်စားချေမှုစတင်ခန်းကိုအဓိကထားရိုက်ကူးခဲ့ပါတယ်။ဒီဒုတိယဇာတ်ကားမှာတော့ ဆာယန်ဟာ မီဒီယာတွေမှာ အကြမ်းဖက်သမားလို့ကြေညာခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း အက်တီယွန်ကုမ္ပဏီကို ဆက်ပြီးလက်စားချေဖို့အတွက် အတာကာမာကန္တရကိုရောက်လာခဲ့ပါတယ်။ ဒေသခံလူထုတချို့ကပါ ဒီပတ်ဝန်းကျင်ထိန်းသိမ်းဟန်ပြုနေတဲ့ လက်ဝါးကြီးအုပ်တဲ့ခရိုနီကုမ္ပဏီကို ထောက်ခံနေတာကို သိလိုက်ရတဲ့အခါ ဆာယန်က သူကိုယ်တိုင်ကုမ္ပဏီထဲဖောက်ဝင်ဖို့ပဲစီစဉ်ခဲ့ပါတော့တယ်။ ဖောက်ဝင်ပြီးချိန်မှာပဲ လင်းယုန်မျက်လုံးဆိုတဲ့ အက်တီယွန်ရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူလိုချင်တဲ့သတင်းကို အပြည့်အဝမရခဲ့လို့စိတ်ပျက်နေတဲ့ဆာယန်က ကုန်စုံဆိုင်တစ်ခုမှာ ရုပ်ဖျက်ပြီးစျေးထွက်နေတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်က သူ့ကိုသတိထားမိပြီး သူလိုချင်တဲ့သတင်းကိုပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။ဆာယန်တစ်ယောက် ဘယ်လိုသတင်းတွေသိရမလဲ အဲဒီသတင်းကြောင့် ဘယ်လိုအခက်အခဲတွေကို ထပ်ပြီးကြုံတွေ့ခဲ့ရလဲ…ဒါ့အပြင် ပထမအပိုင်းမှာမပါခဲ့တဲ့ သူ့အဘွားကိုသတ်ခဲ့တဲ့သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးကုမ္ပဏီ အက်တီယွန်ရဲ့နောက်ကွယ်မှာရှိနေတဲ့ ကြိုးကိုင်သူတွေကို အပြီးတိုင် လက်စားချေခဲ့ပုံတွေကို ရိုက်ကူးပေးထားပါတယ်။