ဇာတ်ကြောင်းကတော့ ဘာလင်တံတိုင်းခတ်ထားတဲ့ကာလမှာ အရှေ့ဘာလင်ရဲ့ ဗိုလ်မှူးကြီးစတော့ခ်က ဘက်ပြောင်းချင်ကြောင်း ဗြိတိသျှဘက်ကိုအကြောင်းကြားလာတယ်။ သူ့ကိုကယ်ထုတ်ဖို့အတွက်ဟယ်ရီဟာ ဘာလင်ကိုခရီးဆက်ရတယ်။ အဲဒီအချိန်မှာ ဘာလင်တံတိုင်းကိုကျော်ပြီးထွက်ပြေးတဲ့အမှုတွေ အတော်များများဖြစ်နေတယ်။ အဲဒီကိစ္စအတွက် ဟယ်ရီတို့ ခေါ်ထုတ်ရမယ့် ဗိုလ်မှူးကြီးစတော့ခ်ကအကြပ်ရိုက်နေတာပေါ့။ အဲဒီလို လွတ်မြောက်မှုတွေကြောင့် သူတို့ရဲ့ ဌာနကလည်းစောင့်ကြည့်ခံနေရပြီ၊ သူကလည်းစောင့်ကြည့်ခံနေရပြီ။ ဒါကြောင့် သူက သူထွက်တဲ့အချိန်မှာတော့ လုံးဝ ပြီးပြည့်စုံတဲ့အစီအစဉ်ပဲဖြစ်ချင်တယ်။အဲဒီလို လူတွေ ခဏခဏ လွတ်သွားတဲ့ကိစ္စတွေကို နောက်ကွယ်က စီစဉ်ပေးနေတဲ့ ခရိုက်ဇ်မန်းဆိုတဲ့ လူတယောက်ရှိတယ်။ ဗိုလ်မှူးကြီးစတော့ခ်ကလည်း သူ့အစီအစဉ်ကို အမှားအယွင်းမဖြစ်ချင်တဲ့အတွက်သိပ်တော်ပါတယ်ဆိုတဲ့ ခရိုက်ဇ်မန်းကို ဟယ်ရီကတဆင့် ဈေးညှိပြီး အစီအစဉ်ဆွဲခိုင်းတယ်။အစီအစဉ်အရ လူနာမည်ကိုပြောင်းဖို့ စာရွက်စာတမ်းတွေထုတ်ရတယ်ဆိုတော့ သေဆုံးသွားပြီဖြစ်တဲ့ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို သုံးကြမယ်ပေါ့။ လူသေကို အသက်ပြန်သွင်းတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ အဲဒီ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို လိုက်နေတဲ့ လူတွေရှိနေတယ်။ ဘာကြောင့်လိုက်နေရတာလဲ၊ အဲဒီစာရွက်စာတမ်းကကော ဘာအရေးပါလို့လဲ၊ ဘာလင်တံတိုင်းကို ခိုးဖြတ်မယ့်ကိစ္စကကော အောင်မြင်ပါ့မလား။ ရုပ်ရှင်ရဲ့ နာမည် “ဘာလင်က ဈာပန” ဆိုတာဘာကိုရည်ညွှန်းသလဲ။ဒါတွေကို အဖြေထုတ်မယ့်အပြင် အချင်းချင်း ပတ်လှည့်စားပြီး မြိုင်မြိုင်ကြီး ကွက်ကျော်တွေရိုက်ကြမယ့် ရုပ်ရှင်ပါ။ဒါရိုက်တာ Guy Hamilton ဆိုတာ အရင်က သူလျှိုဖြစ်ခဲ့ဖူးတော့သူ့ရဲ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဒိုင်ယာလော့ဂ်တွေကို ထပ်ဖြည့်ရေးထားတယ်လို့ Sir Michael Caine ကလည်း အင်တာဗျူးတခုမှာဖြေထားတယ်။ အဲဒါကြောင့် ဒိုင်ယာလော့ဂ်တွေဟာလေယူလေသိမ်းကအစ လက်တွေ့ဆန်တယ်။ရုပ်ရှင်ကို ရိုက်ကူးခဲ့တာကလည်း ဘာလင်မှာပါပဲ။ ရုပ်ရှင်ရိုက်နေရင်းတောင် အရှေ့ဘာလင် အစောင့်စစ်သားတွေက ကင်မရာတွေကို မှန်နဲ့ မီးလှမ်းလှမ်းထိုးပြီးနှောက်ယှက်ကြတယ်လို့ပြောတယ်။ မင်းသမီးအဖြစ်ပါတဲ့ Eva Renzi ကလည်း ဒါရိုက်တာကို ဟိုလိုရိုက်၊ ဒီလိုရိုက် ဘာညာ ဆရာကြီးလုပ်လွန်းလို့ ဒါရိုက်တာတောင် ရုပ်ရှင်မပြီးခင်ဆက်မရိုက်ချင်စိတ်ပေါက်ပါတယ်တဲ့။ ဒါတွေကတော့ ရိုက်ကွင်းအခက်အခဲလေးတွေပေါ့လေ။