Indiana Jones and the Kingdom of the Crystal Skull HD

Indiana Jones and the Kingdom of the Crystal Skull

Action Adventure HD 2008-05-21 6 122 Min

George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာစပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။စပီးဘာ့ဂ်နဲ့လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာမင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။