ကံဆိုတာ အမြဲတမ်းကောင်းမနေသလို အမြဲလည်း ဆိုးမနေတတ်ပါဘူး။ဒါပေမဲ့ ဒီကားကတော့ အမြဲကံကောင်းတတ်တဲ့ ကောင်မလေးနဲ့ ဘာလုပ်လုပ် ကြံဖန်ကံဆိုးတတ်တဲ့ ကိုလူချောတို့အကြောင်းကို ဟာသလေးတွေနှောပြီး တွေးစရာလေးတွေပါအောင် ရိုက်ကူးထားပါတယ်။Ashley ဆိုတဲ့ မိန်းမချောလေးဟာ အလုပ်ကောင်းကောင်းရှိပြီး အစစအရာရာအဆင်ပြေနေတဲ့ မိန်းကလေးပါ။ နာမည်ကျော်သူဌေးသားတစ်ယောက်နဲ့လည်း တွဲနေပါသေးတယ်။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ တင်စားရလောက်အောင် သူ့လုပ်သမျှတိုင်းက ကံအားလျော်စွာ အဆင်ပြေခဲ့တာချည်းပါပဲ။Jake ကတော့ Ashley နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာသလိုဘာလုပ်လုပ် အဆိုးတွေပဲ ဖြစ်နေသူပေါ့။ တစ်နေ့မှာ Ashley စီစဉ်တဲ့ ပါတီပွဲကြီးတစ်ခုကို Jake ၀င်ရောက်နိုင်ခဲ့တာကတော့ သူ့အတွက် ကံကောင်းခြင်းလို့ ပြောရမလိုပါပဲ။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးတပ်ပါတီပွဲမှာ Ashley နဲ့ Jake တို့မထင်မှတ်ဘဲ တွဲကဖြစ်ပြီး နမ်းမိကြရာကစလို့ နှစ်ယောက်လုံးရဲ့ကံကြမ္မာဟာပြောင်းပြန်လှန်ပစ်သလို ပြောင်းလဲသွားတာကြောင့်ပါပဲ။အဲဒီနောက်ပိုင်းမှာ မယ်ကံကောင်းနဲ့ မောင်ကံဆိုးတို့ ဘာတွေဆက်ဖြစ်ကြမလဲ၊ဘယ်သူကကံကောင်းပြီး ဘယ်သူက ကံဆိုးသွားမလဲဆိုတာကို ရယ်ရယ်မောမောကြည်ကြည်နူနူး ကြည့်ကြရမှာဖြစ်ပါတယ်။၂၀၀၆ က ရိုက်ထားတာဖြစ်ပေမဲ့ မရိုးမဆန်းနဲ့ ကြည့်လို့ကောင်းနေသေးတဲ့ ဇာတ်လမ်းမျိုးပါ။ အဲဒါကြောင့် အချစ်ဟာသဇာတ်မြူးကြိုက်သူတွေအတွက် တစ်ချိန်ကသူ့ခေတ်သူ့အခါ လူကြိုက်များခဲ့တဲ့ Chris Pine နဲ့ Lindsay Lohan တို့ရဲ့ ဒီဇာတ်လမ်းလေးကို ညွှန်းပေးလိုက်ပါတယ်။