တောတွင်းစွန့်စားခန်းဖွင့်တဲ့ဇာတ်ကားမျိုးကိုမှ exaggerated ဖြစ်နေတဲ့ scene တွေမပါဘဲ ကိုယ်ကိုယ်တိုင်တောတွင်းရောက်သွားတဲ့အခါ တကယ်တမ်းကြုံတွေ့လာရနိုင်တာတွေကိုပဲ ရိုက်ပြထားတဲ့သဘာဝအဆန်ဆုံး adventure movie မျိုးကို သဘောကျတယ်ဆိုရင် Legacy Peak ဆိုတဲ့ ဒီဇာတ်ကားလေးကိုကြည့်ဖို့ ကျွန်တော်ညွှန်းချင်ပါတယ်ဗျာ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဆန်ဆိုတဲ့သက်လတ်ပိုင်းဘဲတစ်ပွေက သူလက်ထပ်လုဆဲဆဲအမျိုးသမီးရဲ့ သားနဲ့သမီးဆီမှာ မျက်နှာကောင်းရဖို့အတွက် သူ့အမျိုးသမီးရဲ့မိသားစု ခရစ်စမတ်ကိုအတူတူနွှဲကြမဲ့အပန်းဖြေအိမ်လေးဆီကလေးနှစ်ယောက်ကိုခေါ်ပြီး ဘိုးရင်းဂျက်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း စီစဉ်တဲ့အတိုင်းဖြစ်မလာခဲ့ဘဲ လေယာဉ်ပျက်ပြီး လီဂေဆီတောင်ထိပ်နားကတောနက်ကြီးထဲကိုသုံးယောက်သားရောက်ရှိသွားပါတော့တယ်။ လူတွေဟာ အခက်အခဲတွေကြုံလာရချိန် ကိုယ်နဲ့အတူရင်ဆိုင်မဲ့ရဲဘော်ရဲဘက်တွေနဲ့ ရင်ဘတ်ချင်းနီးတတ်ကြသလိုပဲ ဒီသုံးယောက်သားဟာလည်းအခက်အခဲတွေကြားမှာမှ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာ၊ တစ်ယောက်စိတ်ရင်းအမှန်ကိုတစ်ယောက် မြင်ခွင့်ရလာပါတော့တယ်။ ဒီဇာတ်လမ်းမှာက အဓိကအနေနဲ့တောတွင်းစွန့်စားခန်းတွေထက် သူတို့သုံးဦးသားကြားက မေတ္တာတွေ၊ အခက်အခဲတွေကို အတူရင်ဆိုင်ကြပုံတွေကို ရိုက်ပြထားတာမို့ ကြည့်ပြီးတဲ့အချိန်မှာလည်း တစ်ခုခုတော့ကျန်ခဲ့မှာ အသေအချာပါပဲဗျာ။