တချို့ဓာတ်ပုံတွေဟာ အချိန်တွေ ဘယ်လောက်ကြာကြာ ဖြတ်သန်းသွားပါစေ အတိတ်က အမှတ်တရတွေကို ပြန်လည်အသက်ဝင်လာစေနိုင်ပါတယ်…အထူးသဖြင့် မပြီးဆုံးခဲ့တဲ့ အချစ်တစ်ခု မဖြည့်ဆည်းနိုင်ခဲ့တဲ့ ကတိတစ်ခုနဲ့ ပြန်မရနိုင်တော့တဲ့ ငယ်ဘဝအချိန်တွေကို ဓာတ်ပုံတစ်ပုံထဲမှာ သိမ်းဆည်းထားခဲ့မယ်ဆိုရင်ပေါ့…ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ ထိုင်ဝမ်နဲ့ ကိုရီးယား ပူးပေါင်းရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်…၁၉၇၇ ခုနှစ် ထိုင်ဝမ်နိုင်ငံရဲ့ သမိုင်းနောက်ခံဖြစ်တဲ့ ကျုံးလိမြို့အဖြစ်အပျက်ကို အခြေခံထားပြီး လူငယ်သုံးယောက်ရဲ့ အချစ် မိတ်ဆွေသံယောဇဉ်နဲ့ မေ့မရနိုင်တဲ့ ငယ်ဘဝအမှတ်တရတွေကို ပုံဖော်ထားပါတယ်ဓာတ်ပုံဆိုင်ပိုင်ရှင်ရဲ့ သမီးဖြစ်သူ ဖန့်ရှန်ယင်းဟာ စာဖတ်ရာမှာ အခက်အခဲရှိပေမဲ့ ဓာတ်ပုံရိုက်ကူးခြင်းကို အလွန်ဝါသနာပါသူတစ်ယောက်ပါ…ငယ်သူငယ်ချင်း လီဟုန်ကော်နဲ့အတူ ကြီးပြင်းလာခဲ့တဲ့ သူမရဲ့ဘဝထဲကို တစ်နေ့မှာ ကိုရီးယားနိုင်ငံသား တိုက်ကွမ်ဒိုနည်းပြ ကျင်းဟောက်ရှီးရောက်ရှိလာခဲ့ပါတယ်…ဓာတ်ပုံဆိုင်လေးမှာ စတင်ဆုံတွေ့ခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်း သံယောဇဉ်တွယ်လာခဲ့ကြပြီး လူငယ်သုံးယောက်ကြားမှာလည်း မတူညီတဲ့ ခံစားချက်တွေနဲ့ အမှတ်တရတွေ ဖြစ်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့အတူ တဖြည်းဖြည်း ဝေးကွာသွားခဲ့ရပြီး နောက်ဆုံးမှာတော့ ကျင်းဟောက်ရှီးနဲ့ ဖန့်ရှန်ယင်းတို့ဟာ မဖြစ်မနေ ခွဲခွာရတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ခဲ့ကြရပါတယ်ဒီဇာတ်ကားလေးမှာ ငယ်သုံးယောက်ရဲ့ အချစ်ဇာတ်လမ်းကိုသာ အဓိကထားတာမဟုတ်ဘဲ အဲဒီခေတ်ကာလရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ လူမှုရေးအခြေအနေတွေကိုပါ ဇာတ်လမ်းထဲမှာ သဘာဝကျကျ ပေါင်းစပ်ထားခြင်းပါပဲ… ကိုယ်ပိုင်အချစ်နဲ့ အိပ်မက်တွေကို ရှေ့ဆက်ချင်ကြပေမဲ့ ခေတ်ကာလရဲ့ အခြေအနေတွေကြောင့် ကိုယ်မလိုချင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ရတဲ့ လူငယ်တွေရဲ့ ခံစားချက်ကိုလည်း မြင်တွေ့ရမှာပါအဓိကပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Li Mu၊ ကိုရီးယားအဆိုတော်နဲ့ သရုပ်ဆောင် Jung Jin Yong (B1A4 Jinyoung) နဲ့ Song Bowei တို့ဖြစ်ကြပါတယ်ထို့အပြင် ၁၉၇၇ ခုနှစ်က ထိုင်ပေနဲ့ ကျုံးလိမြို့ရဲ့ လမ်းမြင်ကွင်းတွေကို ပြန်လည်ဖန်တီးဖို့ Visual Effects ပေါင်းများစွာကိုအသုံးပြုထားတာကြောင့် ခေတ်ဟောင်းအငွေ့အသက်တွေကိုလည်း သေသေချာချာ ခံစားနိုင်မှာပါတစ်ခါတလေမှာ ဓာတ်ပုံတစ်ပုံဆိုတာ အတိတ်ကို ပြန်ရောက်စေနိုင်ပေမဲ့ အဲဒီအချိန်က လူတွေ ခံစားချက်တွေနဲ့ အခွင့်အရေးတွေကိုတော့ ပြန်လည်ရယူပေးနိုင်မှာ မဟုတ်ပါဘူး…လွမ်းဆွတ်စရာ အချစ်ဇာတ်လမ်းတွေနဲ့ သမိုင်းနောက်ခံပါဝင်တဲ့ ရုပ်ရှင်တွေကို နှစ်သက်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်