အင်္ဂလန်နိုင်ငံမြောက်ပိုင်းက ရှေးကျတဲ့မိန်းကလေးဘော်ဒါကျောင်းကြီးတစ်ခုရဲ့ငြီးငွေ့စရာကောင်းတဲ့စည်းကမ်းတွေကြားထဲမှာ အသက် (၁၅) နှစ်အရွယ် အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ဖလစ်နဲ့မင်နာတို့နှစ်ယောက်ဟာ အမြဲတမ်း အတူတူရှိနေကြပြီး လူငယ်ဘဝရဲ့စူးစမ်းလိုစိတ်တွေ၊ အချစ်ဆိုတာ ဘယ်လိုပုံစံလဲဆိုတာကိုသိချင်ဇောတွေနဲ့ ပြည့်နှက်နေကြသူတွေ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အနီးနားကယောက်ျားလေးကျောင်းနဲ့ပူးပေါင်းပြီး ရှိတ်စပီးယားရဲ့နာမည်ကြီး "A Midsummer Night's Dream" ပြဇာတ်ကို ကျောင်းကနေတင်ဆက်မယ်လို့ ကြေညာလိုက်တဲ့အခါ မိန်းကလေးနှစ်ယောက်လည်း လူရွေးပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အဲဒီနောက်မှာ သူတို့နှစ်ယောက်တီထွင်လိုက်တဲ့စမ်းသပ်ချက်တစ်ခုက စတင်လှုပ်ခတ်သွားစေခဲ့ပါတယ်။ အဲဒါကတော့ ကျောင်းကန်တင်းထဲကို ပထမဆုံးဝင်လာမယ့်သူကို ချစ်မိသွားအောင် ကြိုးစားကြည့်ကြမယ်ဆိုတဲ့စမ်းသပ်ချက်ပါပဲ။ အဲဒီလိုရွေးချယ်ခံလိုက်ရတဲ့သူကတော့ သူတို့ရဲ့ပထဝီဆရာမ နယူးဇီလန်နိုင်ငံသူ ရိုဆလင်ဖြစ်နေခဲ့ပါတယ်။ အဲဒီကစလို့ သူတို့နှစ်ယောက်ဟာ ဆရာမရဲ့အခန်းရှေ့မှာ ပန်းတွေချန်ထားခဲ့တာ၊ ဆရာမရဲ့ဇာတိဖြစ်တဲ့နယူးဇီလန်နိုင်ငံအကြောင်းကို စိတ်ဝင်တစားလေ့လာပြီး အထင်ကြီးအောင်လုပ်တာတွေနဲ့ ဆရာမဆီမှာ "အပိုဆောင်း ပထဝီဝင်သင်တန်း"ကို ရအောင်တက်တာတွေကို အားတက်သရောကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ပြဇာတ်လူရွေးပွဲမှာ မင်နာက အဓိကမင်းသမီးနေရာကို ရသွားပြီး ဖလစ်ကတော့ သစ်ပင်နေရာလောက်ပဲပါသွားတဲ့အခါမှာတော့ သူတို့ရဲ့ချစ်စရာသူငယ်ချင်းသံယောဇဉ်ကြားမှာ အက်ကြောင်းတွေ စတင်ပေါ်ပေါက်လာပါတော့တယ်။ ယောက်ျားလေးတွေနဲ့ရောနှောပျော်ပါးရင်း မင်နာက လူကြိုက်များလာပြီး ဖလစ်တစ်ယောက် ဘေးရောက်သွားသလိုခံစားရတဲ့အခါ မနာလိုဝန်တိုမှုတွေ၊ ရင်ခုန်သံရှုပ်ထွေးမှုတွေက အထွတ်အထိပ်ကို ရောက်လာခဲ့ပါတယ်။ ဆရာမရဲ့အခန်းကိုသွားရောက်ရင်း မမျှော်လင့်ဘဲ ဖြစ်ပျက်သွားတဲ့အနမ်းတစ်ပွင့်နဲ့အတူ ဆရာမပါ ရာထူးကနေ နုတ်ထွက်သွားရတဲ့အထိ ဖြစ်ရပ်တွေ ကြီးထွားလာတဲ့အခါမှာတော့ ဖလစ်နဲ့မင်နာတို့ရဲ့ရင်းနှီးမှုဟာ အရင်လို ဘယ်တော့မှပြန်မဖြစ်နိုင်တော့ပါဘူး။ နွေရာသီကျောင်းပိတ်ရက်ကျော်လွန်လို့ ဆောင်းဦးရာသီကျောင်းစဖွင့်ချိန်မှာ ပြန်ဆုံကြတဲ့အခါ ဖလစ်က "ငါတို့သူငယ်ချင်းတွေမဟုတ်တော့ဘူး"လို့ ရင်ဖွင့်လိုက်တဲ့အဆုံးသတ်နဲ့အတူ ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေရဲ့နူးညံ့တဲ့ကျရှုံးမှု၊ ခင်မင်မှုရဲ့တန်ဖိုးနဲ့ ကြီးပြင်းခြင်းရဲ့ခါးသီးမှုကို ဇာတ်ဝင်ခန်းတစ်ခုချင်းစီတိုင်းမှာ ရသမြောက်စွာခံစားကြရမယ့် Coming-of-Age ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။