The Princess Diaries FHD

The Princess Diaries

ဒီတစ်ခါမှာတော့ ကြည့်နေရင်းနဲ့ တစ်ချက်တစ်ချက် ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့နေရသလိုမျိုး ခံစားရစေမယ့် Coming-of-age ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "The Princess Diaries" ဆိုတဲ့ ဇာတ်ကားလေးပါပဲ။ ဒီကားလေးကတော့ သာမန်ကျောင်းသူလေးတစ်ယောက်ကနေ မင်းသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းလေးဖြစ်ပေမဲ့ ဘဝရဲ့ရွေးချယ်မှုတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင် ဘယ်လိုကြိုးစားရမလဲဆိုတာကို ကြည်နူးစရာကောင်းအောင်ရိုက်ပြထားတာပါ။ ဇာတ်လမ်းလေးကတော့ မီယာဆိုတဲ့ ကောင်မလေးက ဆန်ဖရန်စစ္စကိုမှာ‌နေထိုင်တဲ့ သာမန်ကျောင်းသူလေး‌တစ်ယောက်ပါ သာမန်ဆိုတာထက် ထူးဆန်းပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတာရော မပြင်တတ်မဆင်တတ်တာရောကြောင့် ကျောင်းမှာသူများအလှောင်ခံနေကျသူလေးမို့ ဘဝကို သိုသိုသိပ်သိပ်ပဲဖြတ်သန်း‌နေတာပါ၊ ဒီလိုနဲ့ တစ်နေ့ကျတော့ တစ်ခါမှမတွေ့ဖူးတဲ့ အဖွားဖြစ်သူက ရုတ်တရက်ဆက်သွယ်လာရာကနေ ဇာတ်လမ်းလေးက စတော့တာပါပဲ။ တကယ်တော့ သူမရဲ့အဖွားက ဥရောပနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဂျီနိုဗီယာရဲ့ဘုရင်မကြီးဖြစ်နေပြီးတော့ မီယာကလည်း အဲဒီနိုင်ငံရဲ့တစ်ဦးတည်းသော နန်းမွေခံ မင်းသမီးလေး ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့...။ ဖရိုဖရဲနိုင်လှတဲ့ ကျောင်းသူလေးဘဝကနေ စည်းကမ်းကြီးလွန်းတဲ့ နန်းတွင်းဥပဒေတွေကြားမှာ မင်းသမီးတစ်ယောက်ဖြစ်လာအောင် ဘယ်လိုတွေ ရုန်းကန်သင်ယူရမလဲဆိုတာကို ရယ်မောစရာ စိတ်လှုပ်ရှားစရာလေးတွေနဲ့ကြည့်ရှုရမှာပါ။တော်ဝင်‌အကြောင်းတွေနဲ့ ပတ်သက်ပေမဲ့လည်း ‌ဇာတ်လမ်းတစ်ခုလုံးက ပေါ့ပေါ့ပါးပါးရိုက်ကူးထားပြီး လူငယ်ဆန်ဆန်ရင်ခုန်မှုလေးတွေ မိသားစုတွေ၊ သူငယ်ချင်းအစစ်တွေကြားက နွေး‌ထွေးမှုလေးတွေပါပါသေးတာကြောင့်ကြည့်ရင်း စိတ်ကူးယဉ်‌လို့ကောင်းမယ့် ဇာတ်ကားလေးပါပဲနော်။