ပါရှန်းဘာသာစကားနဲ့ "Bidad" ဆိုတာ "အော်ဟစ်တောင်းဆိုသံ" (Outcry) သို့မဟုတ် "မတရားမှု" (Injustice) လို့ အဓိပ္ပာယ်ရပါတယ်။ ဒါရိုက်တာ Soheil Beiraghi ရိုက်ကူးထားတဲ့ အီရန်နိုင်ငံရဲ့ လွတ်လပ်သော ဒရမ်မာ ရုပ်ရှင် (Iranian Independent Drama) ဖြစ်ပါတယ်။အီရန်နိုင်ငံမှာ အမျိုးသမီးတွေကို အများပြည်သူရှေ့ သို့မဟုတ် လမ်းမပေါ်မှာ တစ်ယောက်တည်း ဂီတဖျော်ဖြေပွဲလုပ်တာ၊ သီချင်းဆိုတာတွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်တားဆီးထားတဲ့ဥပဒေရှိပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် စတီ (Seti) ဆိုတဲ့ Gen-Z ဂီတပါရမီရှင်မလေးဟာ ဒီလိုမတရားတဲ့တားမြစ်ချက်ကို ငြိမ်ခံမနေဘဲ မြို့ထဲက လမ်းမတွေကို သူ့ရဲ့ စင်မြင့်အဖြစ် ပြောင်းလဲကာလူအများရှေ့မှာ ပွင့်ပွင့်လင်းလင်း သီချင်းစဆိုပါတော့တယ်။စတီရဲ့ သတ္တိရှိလှတဲ့ လမ်းမပေါ်က ဖျော်ဖြေမှုတွေဟာ အွန်လိုင်းနဲ့ လူငယ်တွေကြားမှာ ရေပန်းစားသွားပြီး အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကို စိန်ခေါ်တဲ့လျှို့ဝှက်တော်လှန်ရေးအိုင်ကွန်တစ်ယောက်ဖြစ်လာခဲ့တာကို အားရဖွယ်ရိုက်ပြထားတာပါ။အီရန်အစိုးရရဲ့ ခွင့်ပြုချက်မရဘဲ အသက်အန္တရာယ်ကြားကနေ Bidad ရုပ်ရှင်ကို ခိုးရိုက်ခဲ့ရတာဖြစ်ပြီး ရိုက်ကူးနေစဉ်အတွင်း ရဲတွေက ရိုက်ကွင်းကို ဝင်ရောက်စီးနင်းကာ စက်ပစ္စည်းတွေနဲ့ရိုက်ကူးထားတဲ့ဖလင်တွေကို သိမ်းဆည်းခဲ့ကြပါတယ်။ဒါရိုက်တာ Beiraghi ဟာ ထောင်ဒဏ် (၄) နှစ်ကျော်နဲ့ ဒဏ်ငွေချမှတ်ခြင်းခံခဲ့ရသလို၊ ပါဝင်တဲ့သရုပ်ဆောင်တွေလည်း တရားစွဲဆို ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါကြောင့် အီရန်နိုင်ငံထဲမှာပြသခွင့်လုံးဝပိတ်ပင်ခံခဲ့ရပြီး ၂၀၂၆ သြဂုတ်လမှာမှ ဒါရိုက်တာကိုယ်တိုင် YouTube ပေါ်မှာ အခမဲ့ အပြီးအစီး တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။၂၀၂၅ Karlovy Vary International Film Festival မှာ ပြသခဲ့ပြီး ရုပ်ရှင်ပွဲတော်ရဲ့ Special Jury Prize (ဒိုင်အဖွဲ့အထူးဆု) ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဝေဖန်သူတွေကြားမှာ အလွန်မြင့်မားတဲ့ချီးကျူးမှုတွေ ရရှိထားပါတယ်။ အမျိုးသမီးအခွင့်အရေး၊ လူမှုရေးဆိုင်ရာ တော်လှန်မှုနဲ့ အီရန်နိုင်ငံရဲ့ အနုပညာလွတ်လပ်ခွင့်အတွက် ရင်းနှီးပေးဆပ်ထားတဲ့ အနုပညာဆန်ဆန်ဒရမ်မာကားကောင်းတွေကို နှစ်သက်သူတွေအတွက် မဖြစ်မနေကြည့်သင့်တဲ့ကားလေးပါ။