၂၀၂၆ ရဲ့ နာမည်ကြီး Horror ဇာတ်ကား Obsession လိုမျိုး ဆွဲဆောင်မှုရှိပြီး တစိမ့်စိမ့်နဲ့ ကြောက်ဖို့ကောင်းတဲ့ ရုပ်ရှင်အသစ်တစ်ကား ရှာနေရင်တော့ ဒီရုပ်ရှင်ကို မလွတ်တမ်းကြည့်လိုက်ဖို့ညွှန်းပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ အိမ်ဟောင်းကြီးတစ်လုံးကို အမွေရပြီး ပြုပြင်ဖို့ရောက်လာတဲ့ ဘရတ်ဒ်နဲ့ ဂျူးစ်တို့ ဇနီးမောင်နှံနှစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။ အိမ်ကြီးရဲ့လျှို့ဝှက်အခန်းတစ်ခုထဲကနေ သွေးပျက်စရာ ကောင်းတဲ့ မျက်လုံးအဝါနဲ့ ရှေးဟောင်းရုပ်တုတစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိသွားကြပြီး အမှောင်ထုထဲက နတ်ဆိုးတစ်ကောင်လွတ်မြောက်လာကာ ခင်ပွန်းဖြစ်သူ ဘရတ်ဒ်ရဲ့ ခန္ဓာကိုယ်ကို ပူးကပ်သိမ်းပိုက်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ဘရတ်ဒ်ရဲ့ မျက်လုံးတွေဟာ အဝါရောင်အဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်းနဲ့သူ့ရဲ့ အပြုအမူတွေဟာ ကြမ်းတမ်းရက်စက်လာတဲ့ အခါမှာတော့ ဇနီးဖြစ်သူက နတ်ဆိုးဘေးကနေ ဘယ်လိုလွတ်အောင် ရုန်းကန်ရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ ဇာတ်ရှိန်တက်လာတာနဲ့အမျှ ကျောချမ်းပြီး ခြောက်ခြားစရာကောင်းတဲ့ ပူးကပ်ဝင်ရောက်မှုနဲ့ စိတ္တဇဆန်ဆန် အမှောင်ဖက်ခြမ်း အငွေ့အသက်တွေကို အပြည့်အဝ ခံစားရမှာမို့လို့ Horrorပရိသတ်တွေအတွက်တော့ တကယ့်ကို အကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်။