ဇာတ်လမ်းက Tyler နဲ့ Maddie ဆိုတဲ့ စုံတွဲလေးကနေ စထားတယ်။ သူတို့က မြို့ပြက အလုပ်တွေကို ထွက်ပြီး ကားတစ်စီးနဲ့ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ခရီးထွက်လာပြီး၃ ပတ်လောက် အကြာမှာတော့ တစ်ညမှာ သူတို့ရှေ့ကသွားနေတဲ့ ကားတစ်စီး အက်ဆီးဒင့်ဖြစ်တာကို တွေ့လိုက်ရတယ်။ သွားကူညီပေးရင်းနဲ့ အဲဒီကားပေါ်က သေဆုံးသွားတဲ့သူဆီကနေ"ခရီးသည်" လို့ခေါ်တဲ့ နတ်ဆိုးတစ်ကောင် ကပ်ပါလာပါတော့တယ်။အဲဒီနတ်ဆိုးက သူတို့ကားကို လက်သည်းရာ သုံးကြောင်းခြစ်ပြီး အမှတ်အသား လုပ်သွားတယ်။ (လမ်းဘေးခရီးသွားသမားတွေရဲ့ သင်္ကေတအရ ဒါက "ဒီနေရာ မလုံခြုံဘူး" လို့အဓိပ္ပာယ်ရတယ်)။ အဲဒီအချိန်ကစပြီး ဒီနတ်ဆိုးက သူတို့ဘယ်သွားသွား နောက်ကနေ အရိပ်လို လိုက်ပါလာပြီး ဒုက္ခပေးပါတော့တယ်။ ဒီနတ်ဆိုးရန်ကနေ လွတ်အောင် ခရီးသွားသမားကြီး မစ္စဒိုင်ယန် ဆီက အကူအညီတောင်းပြီး ဘယ်လိုတွေ ဆက်ဖြစ်မလဲ၊ ဘယ်လို ရုန်းထွက်ကြမလဲဆိုတာကို ရင်ဖိုစရာ ကြည့်ရမှာပါ။ပြောရမယ်ဆိုရင် ဒီကားက သရဲကားတွေရဲ့ ထုံးစံအတိုင်း Jump scares တွေ ပါဝင်ပေမဲ့၊ အိမ်ကြီးတွေထဲမှာ ခြောက်တာမျိုးမဟုတ်ဘဲ ကားမောင်းရင်း လမ်းတစ်လျှောက်မှာခြောက်လှန့်တာမျိုးဆိုတော့ ခံစားမှုတစ်မျိုး ပေးစွမ်းနိုင်တယ်။ မင်းသား Jacob Scipio နဲ့ မင်းသမီး Lou Llobell တို့ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကြည့်ကောင်းပါတယ်။ညဘက်ဇိမ်နဲ့ကြည့်လို့တော့ တော်တော်လေးကောင်းတဲ့ ကားတစ်ကားပါ။