ဇာတ်လမ်းကတော့ မီကေးလ် (Remy Ishak) ဆိုတဲ့ ဂျင်န် (Jinn) တွေကို နှိမ်နင်းတဲ့ အထူးရဲအရာရှိတစ်ယောက်အကြောင်းပါ။ သူက ကိုယ့်ညီမပျောက်ဆုံးနေတဲ့ ကိစ္စကြောင့်စိတ်ဒဏ်ရာရနေတဲ့သူပေါ့။ တစ်နေ့မှာတော့ ရွာတစ်ရွာက မင်္ဂလာဆောင်တစ်ခုမှာ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်က လူတွေကို အစုလိုက်အပြုံလိုက် သတ်ပစ်လိုက်တဲ့အမှုကြီးတစ်ခုကို စုံစမ်းဖို့ သူရောက်လာခဲ့ပါတယ်။အဲဒီအမှုရဲ့ နောက်ကွယ်မှာ တော်ဆင်မ် (Amir Nafis) လို့ခေါ်တဲ့ ဂျင်န်မင်းသားက လောကကိုစောင့်ရှောက်နေတဲ့ အစောင့်အရှောက် ၇ ပါးကို ဖယ်ရှားပြီး ကမ္ဘာကြီးကို လွှမ်းမိုးဖို့ကြံစည်နေတာကို မီကေးလ် သိသွားခဲ့တယ်။ ဒီတော့ ဂျင်န်တွေ လူ့လောကထဲကို ဝင်မလာနိုင်အောင် တားဆီးပေးမယ့် ရှေးဟောင်းပစ္စည်းတစ်ခုကို အချိန်မီ ရှာဖွေရမယ့် ပြိုင်ပွဲကြီးစတင်ပါတော့တယ်။ဒီလိုရှာဖွေတဲ့နေရာမှာ မီကေးလ်တစ်ယောက်တည်း မဟုတ်ဘဲ သူ့ကို ကူညီပေးမယ့် အဖွဲ့ဝင်တွေလည်း ရှိပါသေးတယ်။ အောက်လမ်းဆေးတွေရောင်းတဲ့ ဝင်စတန် (Norreen Iman၊ အလုပ်ကြိုးစားပေမယ့် တလွဲတွေလုပ်တတ်တဲ့ ရဲအရာရှိပေါက်စ ကော့က် (Fabian Loo) နဲ့ မှောင်ခိုဈေးကွက်ထဲက ရှားပါးပစ္စည်းတွေကို ခိုးယူတတ်တဲ့ အိုင်ရှာ (Alicia Amin) တို့နဲ့ပူးပေါင်းပြီး ဂျင်န်တွေကို ဘယ်လိုရင်ဆိုင်နှိမ်နင်းမလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမှာပါ။ဒီကားက အက်ရှင်အခန်းတွေဆိုလည်း တော်တော်လေး အားရစရာကောင်းသလို၊ တစ်ကားလုံးမှာ ဟာသလေးတွေလည်း ပါတော့ ကြည့်ရတာ လုံးဝ မပျင်းရဘူး။ ဒါ့အပြင် သဘာဝလွန်အရာတွေ၊ ဂျင်န်တွေအကြောင်းကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာမို့ Action နဲ့ Horror ကြိုက်တဲ့သူတွေအတွက် သေချာပေါက် အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်နော်။