ဇာတ်လမ်းလေးက ဆာရာ (Sara) ဆိုတဲ့ ကောင်မလေးက သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် မနီလာမြို့ကြီးကနေ နယ်မြို့လေးကို ပြောင်းလာရာကနေ စတာပါ။ အဲဒီနယ်မြို့လေးကအိမ်အသစ်မှာ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ လူရိုင်းလိုဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ကို သွားတွေ့မိပါလေရော။ဆာရာက အဲဒီကောင်လေးကို လူတွေလို သွားတတ်၊ စားတတ်၊ နေတတ်အောင် သင်ပေးရင်းကနေ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ တဖြည်းဖြည်း တွယ်လာခဲ့တယ်။ ဒါပေမဲ့ကောင်လေးရဲ့ သွေးထဲမှာ ကိန်းအောင်းနေတဲ့ ဝံပုလွေဗီဇတွေက တစ်နေ့မှာ နိုးထလာတဲ့အခါ... ပတ်ဝန်းကျင်က လက်ခံနိုင်ပါ့မလား၊ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ကြိုးလေးရောဘယ်လိုဆက်ဖြစ်မလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်ကြည့်ရမယ့် ဇာတ်ကားလေးပါ။ဒီကားမှာ အဓိကချီးကျူးရမှာက ဝံပုလွေကောင်လေးနေရာက သရုပ်ဆောင်ထားတဲ့ Rabin Angeles ပါပဲ။ စကားသိပ်မပြောရဘဲ မျက်နှာအမူအရာ၊ အကြည့်တွေနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုသုံးပြီး သရုပ်ဆောင်သွားတာ တော်တော်လေးကို ပီပြင်တယ်။ ဆာရာနေရာက သရုပ်ဆောင်တဲ့ Angela Muji ကလည်း သဘာဝကျကျနဲ့ ချစ်စရာကောင်းအောင် သရုပ်ဆောင်နိုင်တာကိုတွေ့ရတယ်။ကိုရီးယား ဇာတ်လမ်းကို ဖိလစ်ပိုင်ယဉ်ကျေးမှု၊ ကျေးလက်ဒေသ အငွေ့အသက်တွေနဲ့ လိုက်ဖက်အောင် သေသေချာချာ ပြင်ဆင်ပြီး ရိုက်ကူးထားလို့ အိုဗာဖြစ်မနေဘဲ ကြည့်ရတာအဆင်ပြေတယ်။ ဒိုင်ယာလော့ခ်တွေကလည်း ဖိလစ်ပိုင် အပြောစကားလေးတွေအတိုင်း သဘာဝကျကျ ထည့်ထားလို့ ပိုပြီး ခံစားရလွယ်တယ်။ မူရင်းကားတုန်းကလောက်မျက်ရည်မလည်ရရင်တောင်မှ ဒီကားလေးကလည်း သူ့ဟာနဲ့သူ ကြည့်ရှုသူကို နွေးထွေးတဲ့ ခံစားချက်လေးတစ်ခု ပေးစွမ်းနိုင်ပါတယ်။ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းထက် စောင့်စားခြင်း၊ အနစ်နာခံခြင်း ဆိုတဲ့ သဘောတရားလေးကို သေချာလေး ပုံဖော်ထားတယ်။ မူရင်းကားကို ကြိုက်ခဲ့တဲ့သူတွေရော၊ အချစ်နဲ့ ဖန်တစီရသလေးကို အေးအေးဆေးဆေး ခံစားချင်တဲ့သူတွေအတွက်ပါ အချိန်ပေးပြီး ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။