LA မြို့နားက Rosemead ဆိုတဲ့ မြို့လေးမှာ နေထိုင်တဲ့ မိခင်တစ်ယောက်အကြောင်းပါ။ နာမည်က Irene (Lucy Liu) ပေါ့။ သူက ကင်ဆာနောက်ဆုံးအဆင့် ခံစားနေရသူပါ။ ဒါပေမဲ့ဒီအကြောင်းကို သူ့သား Joe (Lawrence Shou) ကို အသိမပေးဘဲ လျှို့ဝှက်ထားတယ်။ ပြဿနာက သူ့သား Joe ကလည်း Schizophrenia လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားရောဂါခံစားနေရတာပါ။ကံဆိုးချင်တော့ Joe ဟာ သာမန် ဆယ်ကျော်သက်တွေလို မဟုတ်ဘဲ ကျောင်းပစ်ခတ်မှု (School Shootings) သတင်းတွေကို အစွဲအလမ်းကြီးပြီး စိတ်ဝင်စားလာတယ်။ ဒီအခြေအနေမှာမိခင်ဖြစ်သူ Irene အတွက် အကြီးမားဆုံး အကျပ်အတည်း ရောက်လာပါတော့တယ်။ တစ်ဖက်မှာ ကိုယ်တိုင်က သေရတော့မယ်၊ တစ်ဖက်မှာကလည်း ကိုယ်မရှိတော့ရင် ရောဂါသည်သားကလူတွေကို အန္တရာယ်ပေးမယ့် "လူသတ်ကောင်" ဖြစ်လာမလားဆိုပြီး စိုးရိမ်လာရတယ်။ သားဖြစ်သူ အသက် ၁၈ နှစ်ပြည့်ဖို့ကလည်း နီးလာတော့ အစိုးရစောင့်ရှောက်မှုစနစ်ကလည်းပြောင်းရတော့မဲ့အချိန်ဖြစ်လာပါတယ်။ဒီတော့ မိခင်တစ်ယောက်အနေနဲ့ ကိုယ်မသေခင် သားဖြစ်သူကို ဘယ်လို စီစဉ်သွားမလဲ၊ သားကို ချစ်တဲ့စိတ်နဲ့ အများအန္တရာယ်ကို ကာကွယ်ချင်တဲ့စိတ် ကြားထဲမှာ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကို ရင်နင့်စရာ ကြည့်ရှုရမှာပါ။Lucy Liu ရဲ့ သရုပ်ဆောင်ချက်တွေက တော်တော်လေး ကောင်းမွန်ပြီး မိခင်မေတ္တာနဲ့ ဗျာများမှုကြားက သောကကို ပီပီပြင်ပြင် မြင်ရပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါး ကြည့်ရမယ့်ကားမျိုး မဟုတ်ဘဲမိသားစု၊ စိတ်ကျန်းမာရေးနဲ့ လူမှုပတ်ဝန်းကျင်က ဖိအားတွေကို ထင်ဟပ်ပြထားတဲ့ ကားကောင်းတစ်ကားလို့ ညွှန်းဆိုပါရစေ။